ဗဟိုအဖွဲ့၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို အကဲဖြတ်ဆောင်ရွက်ချက်ရလဒ်များအပေါ် အခြေခံ၍ မူဝါဒနှင့် မဟာဗျူဟာများချမှတ်ခြင်း၊ ချမှတ်သည့်မူဝါဒများနှင့် မဟာဗျူဟာများအား အကောင်အထည် ဖော်ဆောင်ခြင်းနှင့် အန္တရာယ်အခြေပြုချဉ်းကပ်ဆောင်ရွက်ခြင်းပြုရာတွင် ထိရောက်မှု၊ လုံလောက်သည့် အရင်းအမြစ်များ (လူအင်အား၊ ရန်ပုံငွေ၊ လုပ်ငန်းသုံးပစ္စည်းနှင့်နည်းပညာ) ခွဲဝေချထားမှုနှင့် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်မှုရှိစေရေးအတွက် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ်အစိုးရအဖွဲ့အစည်းအား တာဝန်ခွဲဝေသတ်မှတ်ပေးခြင်းနှင့် ဆောင်ရွက်ပြီးစီးမှုများကို အချိန်ကာလသတ်မှတ်ချက်ဖြင့် ပြန်လည် တင်ပြစေခြင်း၊
(ခ) ငွေကြေးခဝါချမှု၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် အကျိုးအမြတ် သို့မဟုတ် အသုံးပြုပစ္စည်းများနှင့် စပ်လျဉ်း၍ သတင်းပေးသူ၊ သက်သေနှင့် ၎င်းတို့၏မိသားစုဝင်များအား သတ်မှတ်ချက်များနှင့်အညီ အကာအကွယ်ပေးရန် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းအား လမ်းညွှန်မှုပေးခြင်း၊
(ဂ) ငွေကြေးခဝါချမှု၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် အကျိုးအမြတ် သို့မဟုတ် အသုံးပြုပစ္စည်းများနှင့် စပ်လျဉ်း၍ သတင်းပေးသူအား ထိုက်သင့်သည့်ဆုငွေချီးမြှင့်ခြင်း၊
(ဃ) ဗဟိုအဖွဲ့၏လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရန် သင့်လျော်သောကျွမ်းကျင်သူ ဝန်ထမ်းများပါဝင်သော ရုံးအဖွဲ့ကို ဖွဲ့စည်းခြင်း၊
(င) သက်ဆိုင်ရာ အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း၊ ကြီးကြပ်ရေးအာဏာပိုင်၊ သတင်းပို့ အဖွဲ့အစည်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးမြှင့်စေရေးအတွက် လမ်းညွှန်မှုများပေးခြင်း၊
(စ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးစနစ် ထိရောက်စေရန် ပြည့်စုံလုံလောက်သည့် စာရင်းဇယားများထိန်းသိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း၊ ဥပဒေစိုးမိုးရေးအဖွဲ့အစည်း၊ ကြီးကြပ်ရေးအာဏာပိုင်နှင့် သတင်းပို့အဖွဲ့အစည်းအား ညွှန်ကြားခြင်း၊
(ဆ) သက်ဆိုင်ရာအစိုးရဌာနသို့မဟုတ်အစိုးရအဖွဲ့အစည်းနှင့် ကြီးကြပ်ရေးအာဏာပိုင်မှ သတင်းပို့ အဖွဲ့အစည်း၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေးအတွက် လမ်းညွှန်မှုနှင့် တုံ့ပြန်မှုပေးစေရေးအတွက် ညွှန်ကြားခြင်း။