ပုဒ်မ ၄၆၄
ပုဒ်မ ၄၆၄
မဟုတ်မမှန်သည့် စာတမ်း အမှတ်အသားပြုခြင်း

သူတစ်ဦးသည် အောက်ပါတစ်ခုခုကိုပြုလျှင် မဟုတ်မမှန်သော စာတမ်းအမှတ်အသားကို ပြုသည် မည်၏။

ပထမ။ သူတစ်ဦးဦးကဖြစ်စေ၊ ထိုသူ၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ စာတမ်းအမှတ်အသားတစ်ခုကို သို့မဟုတ် စာတမ်းအမှတ်အသား၏ တစ်စိတ်တစ်ဒေသကို ပြုလုပ်ခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ တံဆိပ်ခတ်နှိပ်ခြင်း၊ ချုပ်ဆိုခြင်း တစ်ခုခုမပြုကြောင်းကို မိမိသိလျက်နှင့်သော်လည်းကောင်း၊ စာတမ်းအမှတ်အသားတစ်ခုကို သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပြုလုပ်ခြင်း၊ လက်မှတ်ထိုးခြင်း၊ တံဆိပ်ခတ်နှိပ်ခြင်း၊ ချုပ်ဆိုခြင်းတစ်ခုခု ကို မိမိသိချက်အရ မပြုသောအချိန်၌သော်လည်းကောင်း ထိုသို့ပြုလုပ်ခြင်း၊ လက်မှတ်ထိုးခြင်း၊ တံဆိပ် ခတ်နှိပ်ခြင်း၊ ချုပ်ဆိုခြင်းတစ်ခုခုကို ပြုကြောင်းကို ယုံကြည်စေရန် အကြံဖြင့် သူတစ်ဦးဦးသည် စာတမ်း အမှတ်အသား တစ်ခုကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသည့် သဘောဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊ လက်မှတ်ထိုးခြင်း၊ တံဆိပ်ခတ်နှိပ်ခြင်း၊ ချုပ်ဆိုခြင်း တစ်ခုခုကိုပြုလျှင် သို့မဟုတ် စာတမ်းအမှတ်အသားချုပ်ဆိုကြောင်း ဖော်ပြသော အမှတ်အသားကိုပြုလျှင်၊ သို့မဟုတ်

ဒုတိယ။ စာတမ်းအမှတ်အသားကို မိမိကိုယ်တိုင်က ပြုလုပ်ပြီးနောက် သို့မဟုတ် ချုပ်ဆိုပြီးနောက် စာတမ်းအမှတ်အသားတွင် အရေးပါသောအချက်ကို ဥပဒေအရ အခွင့်မရှိဘဲ မရိုးမဖြောင့်သော သဘော ဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ ဖျက်ခြင်းဖြင့်သော်လည်းကောင်း၊ အခြား နည်းဖြင့်သော်လည်းကောင်း ပြောင်းလဲလျှင် သို့မဟုတ် စာတမ်းအမှတ်အသားကို အခြားသူကပြုလုပ်ပြီး နောက် သို့မဟုတ် ချုပ်ဆိုပြီးနောက် အရေးပါသောအချက်ကို ပြောင်းလဲသောအခါက ထိုအခြားသူ အသက်ရှင်လျက်ရှိသည်ဖြစ်စေ၊ သေသည်ဖြစ်စေ ထိုအရေးပါသောအချက်ကို ဥပဒေနှင့်ညီသော အခွင့် အာဏာမရှိဘဲ မရိုးမဖြောင့်သောသဘောနှင့်သော်လည်းကောင်း၊ လိမ်လည်လှည့်ဖြားလိုသော သဘော နှင့်သော်လည်းကောင်း ပယ်ဖျက်ခြင်းဖြင့် သို့မဟုတ် အခြားနည်းဖြင့် ပြောင်းလဲလျှင် သို့မဟုတ်

တတိယ။ သူတစ်ဦးဦးသည် စိတ်ပေါ့သွပ်ခြင်းကြောင့်ဖြစ်စေ၊ မူးယစ်ခြင်းကြောင့်ဖြစ်စေ၊ စာတမ်း အမှတ်အသား၌ ပါရှိသော အကြောင်းအရာကို သို့မဟုတ် ပြောင်းလဲထားခြင်း၏ သဘောကိုမသိနိုင် ကြောင်းမိမိကသိလျက်နှင့် သို့မဟုတ် သူတစ်ဦးဦးသည်လှည့်ဖြားခံရခြင်းကြောင့် စာတမ်းအမှတ်အသား၌ ပါရှိသော အကြောင်းအရာကို သို့မဟုတ် ပြောင်းလဲထားခြင်း၏ သဘောကိုမသိကြောင်း မိမိကသိလျက် နှင့် ထိုသူအား စာတမ်းအမှတ်အသားကို လက်မှတ်ရေးထိုးခြင်း၊ တံဆိပ်ခတ်နှိပ်ခြင်း၊ ချုပ်ဆိုခြင်း၊ ပြောင်းလဲခြင်းတစ်ခုခုကို မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသည့် သဘောဖြင့် ဖြစ်စေ ပြုစေလျှင်။

ဥပမာများ

(က) B ထံမှ ငွေ ၁၀,၀၀ဝိ ရရှိရန် Z က ရေးသားသော ငွေထုတ်ခွင့်စာကို A ရရှိထား၏။ A သည် B ကို လိမ်လည်လှည့်ဖြားလိုသဖြင့် ငွေ ၁၀,၀၀ဝိ တွင် သုညတစ်လုံး တိုးထည့်၍ Z က ထိုသို့ ရေးသားသည်ဟု B ယုံကြည်စေရန် အကြံဖြင့် ငွေ ၁၀,၀၀ဝိ ကို ငွေ ၁၀၀,၀၀ဝိ ဖြစ်စေ၏။ ဤတွင် A သည် လိမ်လည်အတု ပြုမှုကို ကျူးလွန်၏။

(ခ) A သည် Z ပိုင် မြေနေရာတစ်ကွက်ကို B အား ရောင်းချ၍ B ထံမှ မြေဖိုးငွေကို ရရှိရန် အကြံဖြင့် B က A အား မြေနေရာလွှဲပြောင်းခြင်း သဘောသက်ရောက်သော စာတမ်းအမှတ်အသားတွင် Z ၏ ခွင့်ပြုချက် မရရှိဘဲ Z ၏ တံဆိပ်ကို ခတ်နှိပ်၏။ ဤတွင် A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

(ဂ) ဘဏ်လုပ်ငန်းရှင်တစ်ဦးထံမှ ငွေထုတ်ယူစေရန် B လက်မှတ်ထိုးထားသော်လည်း ငွေမည်မျှဟု ဖြည့်သွင်းဖော်ပြမထားသော ယူဆောင်လာသူအား ငွေထုတ်ပေးရန်ဖြစ်သည့် ချက်လက်မှတ်တစ်စောင် ကို A ကောက်ရ၏။ A သည် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် ချက်လက်မှတ်ပေါ်၌ ငွေတစ်သောင်းကို ဖြည့်သွင်း၏။ ဤတွင် A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

(ဃ) A သည် မိမိလက်မှတ် ရေးထိုးထားသည့် ချက်လက်မှတ်တစ်စောင်ကို ၎င်း၏ ကိုယ်စားလှယ် B ထံ၌ ထားခဲ့၏။ ထိုချက်လက်မှတ်၌ ပေးချေရမည့်ငွေမည်မျှဟု ဖော်ပြမထားဘဲ B က ထိုချက်လက်မှတ်၌ တစ်သောင်းထက် မပိုသောငွေကို ဖြည့်သွင်းနိုင်စေရန် B အား ခွင့်ပြုထား၏။ B သည် လိမ်လည်လှည့်ဖြား လိုသောသဘောဖြင့် ချက်လက်မှတ်တွင် ငွေနှစ်သောင်းဟု ဖြည့်သွင်း၏။ ဤတွင် B သည် လိမ်လည်အတု ပြုမှုကို ကျူးလွန်၏။

(င) A သည် ငွေလွှဲလက်မှတ်တစ်စောင်ကို အစစ်အမှန်အနေဖြင့် ဘဏ်လုပ်ငန်းရှင်တစ်ဦးထံ၌ပြ၍ လျှော့ပေါ့သောနှုန်းဖြင့် ငွေလဲယူရန် ကြံရွယ်၍ B ၏ ခွင့်ပြုချက်မရှိဘဲ B ၏ အမည်ဖြင့် မိမိအားညွှန်ကြား သော ငွေလွှဲလက်မှတ်တစ်စောင် ပြုလုပ်၏။ A သည် အချိန်စေ့ရောက်သောအခါ ငွေပြန်ဆပ်၍ ထိုငွေလွှဲ လက်မှတ်ကို ပြန်ယူရန် အကြံရှိ၏။ သို့သော်လည်း ငွေလွှဲလက်မှတ်၌ B ၏ အာမခံချက်ပါရှိသည်ဟု ဘဏ်လုပ်ငန်းရှင် ယုံကြည်စေရန် ဘဏ်လုပ်ငန်းရှင်အား လိမ်လည်၍ လျှော့ပေါ့နှုန်းဖြင့် ငွေလဲယူရန် ကြံရွယ်လျက် ငွေလွှဲလက်မှတ်ကို ပြုလုပ်သည်။ ဤတွင် A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

(စ) Z ၏ သေတမ်းစာ၌ “ကျွန်ုပ်ပိုင်ပစ္စည်းကျန်ရှိသမျှ အားလုံးကို A၊ B နှင့် C တို့ ညီတူ ညီမျှခွဲယူရမည်” ဟုပါရှိလျက်နှင့် A က ထိုပစ္စည်းများအားလုံးသည် မိမိနှင့် C အတွက်သာ ချန်ထားခဲ့ကြောင်း ယုံကြည် စေရန် ကြံရွယ်လျက် မရိုးမဖြောင့်သောသဘောဖြင့် B ၏ အမည်ကို ခြစ်ပစ်လိုက်၏။ ဤတွင် A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

(ဆ) အစိုးရငွေပေးကတိစာချုပ် တစ်စောင်တွင် Z သို့ဖြစ်စေ၊ Z ညွှန်ကြားသူသို့ဖြစ်စေ စာချုပ်ပါငွေကို ပေးစေရန် “Z အား သို့မဟုတ် Z ညွှန်ကြားသူအားပေးရန်” ဟူသော စာသားများကိုရေး၍ A သည် ထိုစာချုပ်တွင် လက်မှတ်ရေးထိုး၏။ B သည် မရိုးမဖြောင့်သောသဘောဖြင့် “Z အား သို့မဟုတ် Z ညွှန်ကြားသူအားပေးရန်” ဟူသော စာသားများကိုဖျက်၍ ကန့်သတ်လက်မှတ်ရေးထိုးချက်ကို ကန့်သတ်မဲ့ လက်မှတ်ရေးထိုးချက်သို့ ပြောင်းလဲ၏။ ဤတွင် B သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

(ဇ) A သည် မြေယာတစ်ကွက်ကို Z အား ရောင်းချလွှဲအပ်၏။ ထိုသို့ လွှဲအပ်ပြီးမှ Z ကို လိမ်လည် လှည့်ဖြား၍ မြေကို ဆုံးပါးစေရန် Z အား ထိုမြေကို မလွှဲအပ်သေးမီ B အား လွှဲအပ်ထားပြီးဖြစ်ကြောင်း ယုံကြည်စေရန်အကြံဖြင့် Z အား လွှဲအပ်ရောင်းချသည့် နေ့ရက်မတိုင်မီခြောက်လက နေ့စွဲဖြင့်ရေးသား၍ ထိုမြေကို B အား လွှဲအပ်ကြောင်း စာချုပ်ပြုလုပ်၏။ ဤတွင် A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

(ဈ) Z သည် မိမိသေတမ်းစာကို နှုတ်ဖြင့်ပြော၍ A အား ရေးစေ၏။ A သည် Z ပြောဆိုသော သေတမ်း စာဖြင့် ပစ္စည်းပေးခြင်းခံရသူ၏ အမည်ကိုမရေးဘဲ အခြားအမည်တစ်ခုကို တမင်ရေးပြီးလျှင် Z ညွှန်ကြား သည့်အတိုင်း ရေးပြီးကြောင်း Z အားပြော၍ သေတမ်းစာကို လက်မှတ်ရေးထိုးရန် သွေးဆောင်၏။ ဤတွင် A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

(ည) သက်သေခံစာကို အကြောင်းပြု၍ Z နှင့် အခြားသူများထံမှ အလှူခံရန်အကြံဖြင့် A သည် B ၏ အခွင့်အာဏာမရရှိဘဲ သက်သေခံစာတစ်စောင်တွင် A မှာ အကျင့်စာရိတ္တကောင်းမွန်သူတစ်ဦး ဖြစ်ပါ သော်လည်း ကံမကောင်းခြင်းကြောင့် ဆင်းရဲနွမ်းပါးသော အခြေသို့ ရောက်ရှိနေကြောင်း ဖော်ပြ၍ B ၏ အမည်လက်မှတ်ကို ရေးထိုး၏။ Z ကို ပစ္စည်းလက်လွတ်စေရေးအတွက် သွေးဆောင်ရန် A သည် မဟုတ် မမှန်သော စာတမ်းအမှတ်အသား ပြုလုပ်သည်။ ဤတွင် A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

(ဋ) Z ၏ လက်အောက်၌ အလုပ်ရရှိရန်အကြံဖြင့် A သည် B ၏ ခွင့်ပြုချက်မရရှိဘဲ A ၏ အကျင့်စာရိတ္တ ကောင်းကြောင်း သက်သေခံစာတစ်စောင်ရေး၍ B ၏ အမည်လက်မှတ်ကို ရေးထိုး၏။ လိမ်လည်အတုပြု သော သက်သေခံစာဖြင့် Z အားလှည့်ဖြား၍ Z နှင့် အလုပ်ငှားပဋိညာဉ်ကို အတိအလင်းပြုမှုအတွက်သော် လည်းကောင်း၊ ပဋိညာဉ် သဘောသက်ရောက်သော ပြုမှုအတွက်သော်လည်းကောင်း Z ကို သွေးဆောင် ရန် ကြံရွယ်သည်နှင့်အမျှ A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

ရှင်းလင်းချက်။ (၁) သူတစ်ဦးသည် မိမိအမည်လက်မှတ်ကို ရေးထိုးခြင်းဖြင့်ပင် လိမ်လည်အတုပြုမှုကို ကျူးလွန်ရာရောက်နိုင်သည်။

ဥပမာများ

(က) မိမိနှင့်အမည်တူသူတစ်ဦးက ငွေလွှဲလက်မှတ်ကို လက်မှတ်ရေးထိုးသည်ဟု ယုံကြည်စေရန် အကြံဖြင့် A သည် ထိုငွေလွှဲလက်မှတ်၌ မိမိ၏အမည်လက်မှတ်ကို ရေးထိုး၏။ ဤတွင် A သည် လိမ်လည် အတုပြုမှုကို ကျူးလွန်၏။

(ခ) B သည် Z ထံမှ တောင်းခံသော ငွေလွှဲလက်မှတ်ကို စက္ကူတစ်ရွက်၌ နောင်အခါတွင်ရေး၍ Z က လက်ခံပြီးဖြစ်သကဲ့သို့ ထိုငွေလွှဲလက်မှတ်ကို လွှဲပြောင်းနိုင်ရန်အလို့ငှာ A သည် စက္ကူတစ်ရွက်ပေါ်၌ “လက်ခံပြီး” ဟူသော စကားရပ်ကိုရေးပြီးလျှင် Z ၏ အမည်လက်မှတ်ကို ရေးထိုး၏။ ဤတွင် A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်သည်။ အကယ်၍ B သည် ထိုအကြောင်းချင်းရာကို သိလျက်နှင့် A ၏ အကြံအတိုင်း ထိုစက္ကူပေါ်တွင် ထိုငွေလွှဲလက်မှတ်ကို ရေးသည်။ ဤတွင် B သည်လည်း လိမ်လည်အတု ပြုမှုကို ကျူးလွန်၏။

(ဂ) A သည် မိမိအမည်နှင့်တူသော အခြားသူတစ်ဦး၏ ညွှန်ကြားချက်အရ ပေးချေရန်ဖြစ်သော ငွေလွှဲလက်မှတ်တစ်စောင်ကို ကောက်ရ၏။ ငွေပေးချေစေရန် ညွှန်ကြားသူကတစ်ဆင့် လက်မှတ်ရေးထိုး သည်ကို ယုံကြည်စေရန်အကြံဖြင့် A သည် မိမိ၏အမည်လက်မှတ်ကို ထိုငွေလွှဲလက်မှတ်၌ တစ်ဆင့် လက်မှတ်ရေးထိုး၏။ ဤတွင် A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

(ဃ) B အပေါ်တွင် ချမှတ်ထားသော ဒီကရီအတည်ပြုချက်အရ ရောင်းချ​သောမြေနေရာကို A ကဝယ်၏။ B သည် A ကို လိမ်လည်လှည့်ဖြားရန် အကြံဖြင့်လည်းကောင်း၊ မြေနေရာကို မသိမ်းယူမီ အငှားချထားပြီး ကြောင်း ယုံကြည်စေရန် အကြံဖြင့်လည်းကောင်း ထိုမြေနေရာကို သိမ်းယူပြီးမှ Z နှင့် ပူးပေါင်းလျက် Z အား အခအနည်းငယ်မျှနှင့် ကာလရှည်အတွက် အငှားစာချုပ်ချုပ်ဆို၍ အဆိုပါမြေနေရာကို သိမ်းယူခြင်း မပြုမီ ခြောက်လရက်စွဲကို ထိုအငှားစာချုပ်တွင် ထည့်တပ်၏။ B သည် ထိုအငှားစာချုပ်ကို မိမိအမည်နှင့် ချုပ်ဆိုသည် မှန်သော်လည်း ရှေးမမှန်ရက်စွဲကို တပ်ထားသည်ဖြစ်သောကြောင့် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

(င) ကုန်သည် A သည် လူမွဲစာခံရမည့်သူအဖြစ်သို့ မိမိကျရောက်မည်ကို တင်ကူး၍ သိမြင်သဖြင့် မိမိ၏ မြီရှင်များကို လိမ်လည်လှည့်ဖြားရန်ကြံရွယ်၍ မိမိအကျိုးအတွက် မိမိပစ္စည်းများကို B ထံ၌ အပ်နှံထား၏။ ထို့နောက် A သည် မိမိပြုသည့်အမှုကို ယုတ္တိရှိအောင် B ထံမှ တန်ဖိုးရှိသော တုံ့ပြန်ချက်ရရှိသည့်အတွက် B အား ငွေပေးဆပ်ပါမည်ဟု ငွေပေးကတိစာချုပ်ကိုရေး၍ A လူမွဲအဖြစ်သို့ ကျရောက်အံ့ဆဲဆဲမတိုင်မီက ထိုငွေပေးကတိစာချုပ်ကို ချုပ်ဆိုကြောင်း ယုံကြည်စေရန်အကြံဖြင့် ထိုငွေပေးကတိစာချုပ်၌ ရှေးမမှန် ရက်စွဲကို တပ်ထား၏။ ဤတွင် A သည် ဤပုဒ်မ၏ ပထမအပိုဒ်အရ လိမ်လည်အတုပြုမှုကို ကျူးလွန်၏။

ရှင်းလင်းချက်။ (၂) စာတမ်းအမှတ်အသားတစ်ခုကို အမှန်တကယ်ရှိသူတစ်ဦးက ပြုလုပ်ကြောင်း ယုံကြည်စေရန် ကြံရွယ်၍ အစစ်အမှန်မဟုတ်သော အမည်ဖြင့်သော်လည်းကောင်း၊ ကွယ်လွန်သူတစ်ဦး အသက်ရှင်လျက်ရှိစဉ်က ပြုလုပ်ကြောင်း ယုံကြည်စေရန် ကြံရွယ်၍ ထိုကွယ်လွန်သူ၏ အမည်ဖြင့်သော် လည်းကောင်း မဟုတ်မမှန်သောစာတမ်းကို ပြုလုပ်ခြင်းသည် လိမ်လည်အတုပြုမှုမြောက်နိုင်သည်။

ဥပမာ

ကြံစည်ဖန်တီးသော အမည်တစ်ခုအား ညွှန်ကြားသော ငွေလွှဲလက်မှတ်တစ်စောင်ကို A သည် ပြုလုပ်ပြီး လျှင် ထိုငွေလွှဲလက်မှတ်ကို လွှဲပြောင်းရန် ကြံရွယ်၍ ထိုကြံစည်ဖန်တီးသော အမည်နှင့်ပင် လိမ်လည် လှည့်ဖြားလိုသောသဘောဖြင့် ထိုငွေလွှဲစာချုပ်ကို လက်ခံ၏။ ဤတွင် A သည် လိမ်လည်အတုပြုမှုကို ကျူးလွန်၏။