ကလေးသူငယ်တရားရုံးသည်-
(က) ပြစ်မှုကျူးလွန်သည့် အချိန်တွင် အသက် ၁၈ နှစ် မပြည့်သေးသော ကလေးသူငယ်ကိုသာလျှင် တရားစီရင်ပိုင်ခွင့်ရှိစေရမည်။ ကလေးသူငယ်မှုခင်းတစ်ရပ်ကို ကြားနာစစ်ဆေးရာ၌ ဆက်လက် ဆောင်ရွက်ခြင်းမပြုမီ ပြစ်မှုကျူးလွန်သူမှာ ကလေးသူငယ်ဖြစ်ကြောင်း အသက်နှင့်စပ်လျဉ်းသည့် အထောက်အထားများကို စိစစ်ပြီး ဆုံးဖြတ်ချက်ချမှတ်ရမည်။ ထိုဆုံးဖြတ်ချက်ကို မှတ်တမ်းတင် ထားရှိရမည်။
(ခ) ကလေးသူငယ်မှုခင်းကို ကလေးသူငယ်တရားရုံးက စစ်ဆေးစီရင်နေစဉ်အတွင်း ပြစ်မှုကျူးလွန် ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်၏ အသက်မှာ ၁၈ နှစ် ပြည့်သွားသော်လည်း ကလေးသူငယ် ဖြစ်ဘိသကဲ့သို့ ဆက်လက်၍ ကြားနာစစ်ဆေးပြီး ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ရမည်။
(ဂ) စစ်ဆေးစီရင်နေစဉ်အတွင်း တရားစွဲဆိုတင်ပို့သော ကလေးသူငယ်ကို ကောင်းမွန်စွာကျင့်ကြံနေထိုင်ရန် အာမခံဖြင့်ခံဝန်ချုပ် ချုပ်ဆိုစေပြီး စည်းကမ်းချက်များသတ်မှတ်၍ မိဘ၊ အုပ်ထိန်းသူထံဖြစ်စေ၊ ယာယီ စောင့်ရှောက်ရေးဂေဟာ သို့မဟုတ် အခြားသင့်လျော်သော နေရာသို့ဖြစ်စေ အုပ်ထိန်းရန် အပ်နှံနိုင်သည်။
(ဃ) ပုဒ်မခွဲ (ဂ) အရ အာမခံဖြင့် ခံဝန်ချုပ်ပြုလုပ်ခြင်းမရှိသည့်အခါ နောက်ဆုံးနည်းလမ်းအဖြစ် သာလျှင် မိဘ၊ အုပ်ထိန်းသူထံဖြစ်စေ၊ ယာယီစောင့်ရှောက်ရေးဂေဟာသို့ဖြစ်စေ၊ အခြားသင့်လျော်သော နေရာသို့ဖြစ်စေ စည်းကမ်းချက်များကို လိုက်နာစေလျက် ကလေးသူငယ်ကို အပ်နှံနိုင်သည်။ ထိုသို့ အပ်နှံသည့်ကာလသည် အတိုတောင်းဆုံး ဖြစ်စေရမည်။
(င) မည်သည့်အကြောင်းနှင့်မျှ ကလေးသူငယ်ကို ရဲအချုပ်တွင်ဖြစ်စေ၊ အကျဉ်းထောင်တွင်ဖြစ်စေ ချုပ်မိန့်မပေးရ။
(စ) ကလေးသူငယ်ကို မည်သည့်ပြစ်မှုအတွက်မဆို ကလေးသူငယ်တရားရုံး ရှေ့မှောက်သို့ တင်ပို့ပါက ကလေးသူငယ်နားလည်နိုင်သော ရိုးရှင်းသည့် စကားအသုံးအနှုန်းဖြင့် စွဲဆိုသည့်ပြစ်မှုကို ရှင်းလင်း ပြောကြားရမည်။
(ဆ) သေဒဏ် သို့မဟုတ် ထောင်ဒဏ် ၃ နှစ်အထက် ပြစ်ဒဏ်ချမှတ်နိုင်သော ကလေးသူငယ်မှုခင်း များကို ဝရမ်းမှုစစ်ဆေးသည့် နည်းလမ်းအတိုင်း စစ်ဆေးစီရင်ရမည်။
(ဇ) ပုဒ်မခွဲ (ဆ)ပါ မှုခင်းမျိုးမှတစ်ပါး အခြားကလေးသူငယ်မှုခင်းများကို သမ္မာန်မှု စစ်ဆေးသည့် နည်းလမ်းအတိုင်း စစ်ဆေးစီရင်ရမည်။
(ဈ) ကလေးသူငယ်မှုခင်းတွင် ရှေ့နေငှားရမ်းထားစေကာမူ ကလေးသူငယ်ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း မိမိကိုယ်ကို ကာကွယ်ပြောကြားရာတွင် မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုး သို့မဟုတ် တာဝန်ရှိ လူမှုဝန်ထမ်းအရာရှိ တစ်ဦးဦးအား ကလေးသူငယ်ကို ကူညီဆောင်ရွက်ပေးရန် ခွင့်ပြုနိုင်သည်။
(ည) စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ရှိ မရှိ စစ်ဆေးရန် လိုအပ်ပါက စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန် နှင့်စစ်ဆေးပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက် ရမည်။