ပုဒ်မ ၉၂
ပုဒ်မ ၉၂
ကလေးသူငယ် ကြီးကြပ်သူ၏ လုပ်ငန်းတာဝန်များ

ကလေးသူငယ်ကြီးကြပ်သူ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) ကလေးသူငယ်တရားရုံးက ကလေးသူငယ်နှင့်စပ်လျဉ်း၍ တာဝန်ပေးအပ်သောအခါတွင် လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး အစီရင်ခံစာ တင်သွင်းခြင်း၊

(ခ) မိမိ၏ စောင့်ကြည့်ကြီးကြပ်မှုခံယူရန် ကလေးသူငယ်တရားရုံးက အမိန့်ချမှတ်ခြင်းခံရသော ကလေးသူငယ်ကို သတ်မှတ်ထားသော နည်းလမ်းဖြင့် စောင့်ကြည့်ကြီးကြပ်ခြင်း၊

(ဂ) ကလေးသူငယ်ကို အန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်ဖွယ်ရာရှိကြောင်း သို့မဟုတ် ကလေးသူငယ်မှာ အန္တရာယ်ကျရောက်လျက်ရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာလူမှုဝန်ထမ်းအရာရှိ နှင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခြင်း၊

(ဃ) သင်တန်းကျောင်း၊ ပရဟိတဂေဟာ၊ ယာယီစောင့်ရှောက်ရေးဂေဟာ၊ အုပ်ထိန်းသူ သို့မဟုတ် ပြုစုစောင့်ရှောက်သူထံမှ ထွက်ပြေးသည့် ကလေးသူငယ်ကိုတွေ့လျှင် ထိုကလေးသူငယ်ကို ထွက်ပြေး ခဲ့သည့်သင်တန်းကျောင်း၊ ပရဟိတဂေဟာ၊ ယာယီစောင့်ရှောက်ရေးဂေဟာ၊ အုပ်ထိန်းသူ သို့မဟုတ် ပြုစုစောင့်ရှောက်သူထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း၊

(င) ပုဒ်မခွဲ (ဃ) အရ ထွက်ပြေးသည့် ကလေးသူငယ်မှာ နှိပ်စက်ညှဉ်းပန်းခြင်း၊ ရိုက်နှက်ဆုံးမခြင်း သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေသော ပုံစံတစ်မျိုးမျိုးဖြင့် ပြစ်ဒဏ်ပေးခြင်းကြောင့် ထွက်ပြေးခြင်း ဖြစ်ပါက ကာကွယ်စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ်အဖြစ်သတ်မှတ်၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်း၊

(စ) ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ပြည်ထောင်စုနယ်မြေ လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံး သို့မဟုတ် မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မိဘ သို့မဟုတ် အုပ်ထိန်းသူ၊ ရပ်ရွာလူကြီးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဆ) လူမှုဝန်ထမ်းဦးစီးဌာနက သတ်မှတ်ပေးသော ကလေးသူငယ်နှင့် သက်ဆိုင်သည့် အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။