ပုဒ်မ ၄၉၉
ပုဒ်မ ၄၉၉
အသရေဖျက်မှု

မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုစေရန် ကြံရွယ်သည့် စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့်ဖြစ်စေ သူတစ်ဦးဦး၏ အသရေကို နစ်နာစေရန် ကြံရွယ်ချက်ဖြင့် သော်လည်းကောင်း၊ ထိုသူနှင့်စပ်လျဉ်းသော စွပ်စွဲခြင်းသည် ထိုသူ၏ အသရေကို နစ်နာစေမည်ဟု သိလျက်နှင့်သော်လည်းကောင်း၊ ထိုသို့ ယုံကြည်ရန် အကြောင်းရှိလျက်နှင့်သော်လည်းကောင်း ထိုသူနှင့် စပ်လျဉ်းသော စွပ်စွဲချက်ကိုပြုလျှင် သို့မဟုတ် ကြေညာလျှင် ထိုသူသည် အောက်ပါကင်းလွတ်ချက်များ မှတစ်ပါး အဆိုပါ လူ၏ အသရေကို ဖျက်သည်မည်၏။

ရှင်းလင်းချက်၁။သေသူတစ်ဦးကို စွပ်စွဲသောစွပ်စွဲချက်သည် ထိုသူ အသက်ရှင်လျက်ရှိ​နေပါက ထိုသူ၏ အသရေကို နစ်နာစေမည်ဖြစ်လျှင်လည်းကောင်း၊ ထိုသူ၏ မိသားစုအား သို့မဟုတ် အခြားဆွေမျိုးအရင်းများအား စိတ်နှလုံးထိခိုက်စေရန် ကြံရွယ်လျှင် လည်းကောင်း သေသူကို စွပ်စွဲခြင်းသည် အသရေဖျက်မှု မြောက်နိုင်သည်။
ရှင်းလင်းချက်၂။ကုမ္ပဏီကို ကုမ္ပဏီအဖြစ်ဖြင့်သော်လည်းကောင်း၊ အသင်းကို အသင်းအဖြစ်ဖြင့် သော်လည်းကောင်း၊ လူတစ်စုကို လူတစ်စုအဖြစ်ဖြင့်သော်လည်းကောင်း စွပ်စွဲ ခြင်းသည် အသရေဖျက်မှုမြောက်နိုင်သည်။
ရှင်းလင်းချက်၃။တစ်ခုမဟုတ်လျှင် တစ်ခုဟုတ်ကြောင်း စွပ်စွဲခြင်းသည် သို့မဟုတ် သရော်၍ စွပ်စွဲခြင်းသည် အသရေဖျက်မှုမြောက်နိုင်သည်။
ရှင်းလင်းချက်၄။စွပ်စွဲချက်တစ်ခုသည် သူတစ်ဦး၏ အကျင့်စာရိတ္တကိုသော်လည်းကောင်း၊ ဉာဏ်ပညာအရည်အချင်းကိုသော်လည်းကောင်း ထိုသူ၏ မျိုးရိုးဇာတ်နှင့်ဖြစ်စေ၊ အလုပ်အကိုင်နှင့်ဖြစ်စေ စပ်လျဉ်းသော ကျင့်ဝတ်ကိုသော်လည်းကောင်း၊ ထိုသူ၏ စီးပွားရေးဂုဏ်ကိုသော်လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အထင်အမြင်သေးခြင်းမဖြစ်စေလျှင် သို့မဟုတ် ထိုသူ၏ကိုယ်အင်္ဂါသည် စက်ဆုပ်ဖွယ်ဖြစ်သည်ဟုသော်လည်းကောင်း၊ ယေဘုယျအားဖြင့် ရှက်ဖွယ်ရာ အခြေ၌ ရှိသည်ဟုသော်လည်းကောင်း သူတစ်ပါးယုံကြည်ခြင်းမဖြစ်စေလျှင် ထိုစွပ်စွဲချက်သည် ထိုသူ၏ အသရေကို ပျက်သည်မမည်။

ဥပမာများ

(က) B ၏ ခါးပိုက်ဆောင်နာရီကို Z ခိုးယူကြောင်း ယုံကြည်စေရန် ကြံရွယ်ချက်ဖြင့် A က “Z သည် ရိုးသားသူပါ၊ B ၏ နာရီကို သူဘယ်တော့မှမခိုးခဲ့ပါ” ဟု ပြော၏။ ထိုသို့ပြောခြင်းသည် ကင်းလွတ်ချက် တစ်ခုခု၌ မပါဝင်လျှင် အသရေဖျက်မှု ဖြစ်သည်။

(ခ) B ၏ နာရီကို မည်သူခိုးယူကြောင်းမေးရာ A က Z ခိုးယူကြောင်း ယုံကြည်စေရန် ကြံရွယ်ချက်ဖြင့် Z ကို ညွှန်ပြ၏။ ထိုသို့ညွှန်ပြခြင်းသည် ကင်းလွတ်ချက်တစ်ခုခု၌ မပါဝင်လျှင် အသရေဖျက်မှု ဖြစ်သည်။

(ဂ) Z ၏ နာရီကို B ခိုးယူကြောင်း ယုံကြည်စေရန်ကြံရွယ်ချက်ဖြင့် Z ၏ နာရီကို B ယူဆောင် ပြေးသွားနေသော ရုပ်ပုံကို A ရေးဆွဲ၏။ ထိုသို့ ရေးဆွဲခြင်းသည် ကင်းလွတ်ချက်တစ်ခုခု၌ မပါဝင်လျှင် အသရေဖျက်မှုဖြစ်သည်။

အများပြည်သူ၏အကျိုးအတွက် ပြုလုပ်ရန်သို့မဟုတ် ကြေညာရန် လိုအပ်သည့် မှန်ကန်သော အရာကို စွပ်စွဲခြင်း။

ပထမကင်းလွတ်ချက်။ သူတစ်ဦးဦးနှင့်ပတ်သက်၍ မှန်ကန်သော စွပ်စွဲချက်ကို အများပြည်သူအကျိုး အတွက် ပြုလုပ်ရန် သို့မဟုတ် ကြေညာရန်သင့်သည်ဖြစ်လျှင် ထိုစွပ်စွဲချက်သည် အသရေဖျက်မှုဖြစ်သည် မမည်။ အများပြည်သူအကျိုးအတွက် ဟုတ် မဟုတ် ဆိုသောအချက်မှာ အကြောင်းခြင်းရာ ပြဿနာဖြစ် သည်။

ပြည်သူ့ဝန်ထမ်း၏ တာဝန်ဝတ္တရားဆိုင်ရာ အပြုအမူ။

ဒုတိယကင်းလွတ်ချက်။ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် အလုပ်ဝတ္တရားဆောင်ရွက်ရာတွင် ထိုပြည်သူ့ ဝန်ထမ်း၏ အပြုအမူနှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ ထိုပြည်သူ့ဝန်ထမ်း၏ အကျင့်စာရိတ္တသည် ထိုသူ၏ အပြုအမူ၌ ထင်ပေါ်နေသည်အထိ ထိုသူ၏ အကျင့်စာရိတ္တနှင့်စပ်လျဉ်း၍သော်လည်းကောင်း သူတစ်ဦးက သဘောရိုးဖြင့် မိမိ၏ ထင်မြင်ချက်ကို ဖော်ပြခြင်းသည် အသရေဖျက်မှု ဖြစ်သည်မမည်။

အများပြည်သူ့ပြဿနာဆိုင်ရာ သူတစ်ဦးဦး၏ အပြုအမူ။

တတိယကင်းလွတ်ချက်။ အများပြည်သူ့ပြဿနာဆိုင်ရာ သူတစ်ဦး၏ အပြုအမူနှင့်စပ်လျဉ်း၍လည်း ကောင်း ထိုသူ၏ အကျင့်စာရိတ္တသည် ထိုသူ၏အပြုအမူ၌ ထင်ပေါ်နေသည်အထိ ထိုသူ၏အကျင့် စာရိတ္တနှင့်စပ်လျဉ်း၍လည်းကောင်း သူတစ်ဦးဦးက သဘောရိုးဖြင့် မိမိ၏ထင်မြင်ချက်ကို ဖော်ပြခြင်း သည် အသရေဖျက်မှု ဖြစ်သည်မမည်။

ဥပမာ

Z သည် အများပြည်သူဆိုင်ရာ ပြဿနာနှင့်စပ်လျဉ်း၍ အစိုးရထံလျှောက်ထားရာတွင်ဖြစ်စေ၊ အများ ပြည်သူဆိုင်ရာ ပြဿနာနှင့်စပ်လျဉ်း၍ အစည်းအဝေးတစ်ခုကျင်းပရန် တောင်းဆိုလွှာ၌ လက်မှတ် ရေးထိုးရာတွင်ဖြစ်စေ၊ ထိုသို့သော အစည်းအဝေးတွင် အကြီးအမှူး ပြုလုပ်ဆောင်ရွက်ရာတွင် သို့မဟုတ် တက်ရောက်ရာတွင်ဖြစ်စေ အများပြည်သူ၏ အကူအညီကို တောင်းခံဖွဲ့စည်းသည့် အသင်းကို တည်ထောင်ရာတွင် သို့မဟုတ် ထိုအသင်း၌ ပါဝင်ရာတွင်ဖြစ်စေ၊ အများပြည်သူ၏ အကျိုးနှင့်သက်ဆိုင် သော အလုပ်ဝတ္တရားများကို ကျွမ်းကျင်စွာဆောင်ရွက်သည့် ရာထူးနေရာအတွက် သူတစ်ဦးအား မဲပေး ရာတွင် သို့မဟုတ် ထိုသူအတွက် မဲတောင်းရာတွင်ဖြစ်စေ Z ၏ အပြုအမူနှင့်စပ်လျဉ်းသော ထင်မြင် ချက်ကို A က သဘောရိုးဖြင့် ဖော်ပြခြင်းသည် အသရေဖျက်မှုဖြစ်သည်မမည်။

တရားရုံးများ၏ မှုခင်းဆောင်ရွက်ချက်များကို ကြေညာခြင်း။

စတုတ္ထကင်းလွတ်ချက်။ တရားရုံးတစ်ခု၏ မှုခင်းဆောင်ရွက်ချက်များကိုဖြစ်စေ၊ မှုခင်းဆောင်ရွက်ချက် ပြီးပြတ်ပုံကိုဖြစ်စေ အရေးပါသော အချက်အလက်များ၌ မှန်ကန်စွာ ကြေညာခြင်းသည် အသရေဖျက်မှု ဖြစ်သည်မမည်။

ရှင်းလင်းချက်။ တရားရုံးတစ်ရုံးတွင် စစ်ဆေးစီရင်ခြင်းမပြုမီ လူသိရှင်ကြား စစ်ဆေးမေးမြန်းခြင်းကို ပြုသော တရားသူကြီးသည် သို့မဟုတ် အခြားအရာရှိသည် အထက်ပုဒ်မ၏ အဓိပ္ပာယ်အရ တရားရုံး ဖြစ်သည်။

တရားရုံးတွင်စီရင်ဆုံးဖြတ်သည့် အမှု၏အရည်အသွေး သို့မဟုတ် သက်သေများနှင့် အခြားသက်ဆိုင်သူ များ၏ အပြုအမူ။

ပဉ္စမကင်းလွတ်ချက်။ တရားရုံးက စီရင်ဆုံးဖြတ်ပြီးသော တရားမမှု၏ သို့မဟုတ် ရာဇဝတ်မှု၏ အရည် အသွေးနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ထိုအမှုတွင် အမှုသည်၏ သို့မဟုတ် သက်သေ၏ သို့မဟုတ် ကိုယ်စားလှယ်အဖြစ်ဖြင့် ဆောင်ရွက်သောသူ၏ အပြုအမူနှင့်စပ်လျဉ်း၍သော်လည်းကောင်း ထိုသူ၏ အကျင့်စာရိတ္တသည် ထိုသူ၏ အပြုအမူ၌ ထင်ပေါ်နေသည်အထိ ထိုသူ၏ အကျင့်စာရိတ္တနှင့်စပ်လျဉ်း၍ သော်လည်းကောင်း သူတစ်ဦးဦးက သဘောရိုးဖြင့် မိမိ၏ထင်မြင်ချက်ကို ဖော်ပြခြင်းသည် အသရေဖျက်မှု ဖြစ်သည်မမည်။

ဥပမာများ

(က) A က “ထိုအမှုကို စစ်ဆေးစီရင်ရာ၌ Z ၏ သက်သေထွက်ချက်သည် ဆန့်ကျင်ကွဲလွဲလှသဖြင့် Z သည် ဉာဏ်တုံးသူသော်လည်းကောင်း၊ မရိုးမဖြောင့်သူသော်လည်းကောင်း ဖြစ်ရမည် ကျွန်ုပ်ထင်ပါသည်” ဟု ပြောဆို၏။ A က သဘောရိုးဖြင့် ထိုသို့ပြောဆိုလျှင် ပြောဆိုသော ထင်မြင်ချက်သည် သက်သေအဖြစ်ဖြင့် Z ၏ အပြုအမူ၌ ထင်ပေါ်နေသော Z ၏ အကျင့်စာရိတ္တနှင့် သက်ဆိုင်သည့်အထိသာလျှင် ပြောဆိုသော ထင်မြင်ချက်ဖြစ်သောကြောင့် A သည် ဤကင်းလွတ်ချက်၌ အကျုံးဝင်သည်။

(ခ) သို့သော်လည်း A က “Z သည် သမာဓိကင်းမဲ့သူဖြစ်ကြောင်း ကျွန်ုပ်သိသောကြောင့် ထိုအမှု စစ်ဆေးရာ၌ Z ၏ ထွက်ဆိုချက်ကို ကျွန်ုပ်မယုံကြည်” ဟုပြောဆို၏။ Z ၏ အကျင့်စာရိတ္တနှင့်စပ်လျဉ်း၍ ထိုသို့ပြောဆိုသော A ၏ ထင်မြင်ချက်သည် သက်သေအဖြစ်ဖြင့် Z ၏ အပြုအမူ၌ အခြေခံထားခြင်း မရှိသော ထင်မြင်ချက်ဖြစ်သောကြောင့် A သည် ဤကင်းလွတ်ချက်နှင့် အကျုံးဝင်ခြင်းမရှိ။

အထင်အရှား ဆောင်ရွက်မှု၏ အရည်အသွေး။

ဆဋ္ဌမကင်းလွတ်ချက်။ လူအများကဝေဖန်ချက်ပြုရန် စာရေးဆရာတစ်ဦးက တင်ပြသော အထင်အရှား ဆောင်ရွက်မှု၏ အရည်အသွေးနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ထိုစာရေးဆရာ၏ အကျင့်စာရိတ္တ သည် ထိုဆောင်ရွက်မှု၌ ထင်ပေါ်နေသည်အထိ ထိုစာရေးဆရာ၏ အကျင့်စာရိတ္တနှင့်စပ်လျဉ်း၍ သော်လည်းကောင်း သူတစ်ဦးက မိမိ၏ထင်မြင်ချက်ကို သဘောရိုးဖြင့် ဖော်ပြခြင်းသည် အသရေဖျက်မှု ဖြစ်သည် မမည်။

ရှင်းလင်းချက်။ လူအများဝေဖန်နိုင်ရန် အထင်အရှားဆောင်ရွက်မှုတစ်ခုကို အတိအလင်းဖော်ပြခြင်းဖြင့် သော်လည်းကောင်း၊ လူအများဝေဖန်နိုင်ရန် တင်ပြခြင်းသဘောသက်ရောက်သည့် ဆောင်ရွက်သူ၏ ပြုလုပ်မှုများဖြင့်သော်လည်းကောင်း တင်ပြနိုင်သည်။

ဥပမာများ

(က) စာအုပ်တစ်အုပ်ကို ပုံနှိပ်ထုတ်ဝေသူသည် မိမိ၏စာအုပ်ကို လူအများ ဝေဖန်ချက်ပြုရန် တင်ပြခြင်း ဖြစ်သည်။

(ခ) ပရိသတ်ရှေ့တွင် မိန့်ခွန်းစကားပြောသူသည် မိမိ၏ မိန့်ခွန်းစကားကို လူအများ ဝေဖန်ချက်ပြုရန် တင်ပြခြင်းဖြစ်သည်။

(ဂ) လူအများသွားရောက်ကြည့်ရှုသည့် ဇာတ်စင်ပေါ်၌ ကပြသီဆိုသော သဘင်သည်တစ်ဦးသည် မိမိ၏ ကပြသီဆိုခြင်းကို လူအများဝေဖန်ချက်ပြုရန် တင်ပြခြင်းဖြစ်သည်။

(ဃ) Z ပုံနှိပ်ထုတ်ဝေသောစာအုပ်ကို A က “Z ၏ စာအုပ်သည် အကျိုးမရှိ၊ မဖတ်အပ်၊ Z သည် ပညာချို့တဲ့သူဖြစ်၏။ Z ၏ စာအုပ်သည် ညစ်ညမ်း၏။ Z သည် သဘောထားမဖြူစင်သောသူဖြစ်၏” ဟု ပြောဆို၏။ A က သဘောရိုးဖြင့် ထိုသို့ပြောဆိုလျှင် ပြောဆိုသောထင်မြင်ချက်သည် Z ၏ စာအုပ်၌ ထင်ပေါ်နေသမျှဖြစ်သော Z ၏ အကျင့်စာရိတ္တနှင့် သက်ဆိုင်သည်အထိသာလျှင် ပြောဆိုသော ထင်မြင် ချက်ဖြစ်သောကြောင့် A သည် ဤကင်းလွတ်ချက်၌ အကျုံးဝင်သည်။

(င) သို့သော်လည်း A က “Z သည် ပညာချို့တဲ့၍ ကာမဂုဏ် လိုက်စားသူဖြစ်သောကြောင့် သူ၏ စာအုပ် သည်အကျိုးမရှိခြင်း၊ မဖတ်အပ်ခြင်း၊ ညစ်ညမ်းခြင်းဖြစ်သည်မှာ အံ့ဩစရာမရှိ” ဟု ပြောဆို၏။ Z ၏ အကျင့်စာရိတ္တနှင့်စပ်လျဉ်း၍ ထိုသို့ပြောဆိုသော A ၏ ထင်မြင်ချက်သည် Z ၏ စာအုပ်ပေါ်၌ အခြေခံ ထားခြင်းမရှိသော ထင်မြင်ချက်ဖြစ်သောကြောင့် A သည် ဤကင်းလွတ်ချက်၌ အကျုံးဝင်ခြင်းမရှိ။

သူတစ်ဦးအပေါ်၌ ဥပဒေနှင့်အညီ အခွင့်အာဏာရှိသူက သဘောရိုးဖြင့် အပြစ်ဆိုခြင်း။

သတ္တမကင်းလွတ်ချက်။ ဥပဒေအရဖြစ်စေ၊ ဥပဒေနှင့်အညီပြုလုပ်သော ပဋိညာဉ်အရဖြစ်စေ သူတစ်ဦး အပေါ်၌ အခွင့်အာဏာရှိသူက ထိုအခွင့်အာဏာနှင့် သက်ဆိုင်သောကိစ္စများတွင် ထိုသူ၏အပြုအမူကို သဘောရိုးဖြင့် အပြစ်တင်ခြင်းသည် အသရေဖျက်မှုဖြစ်သည်မမည်။

ဥပမာ

တရားသူကြီးတစ်ဦးက သက်သေတစ်ဦး၏ သို့မဟုတ် ရုံးအရာရှိတစ်ဦး၏ အပြုအမူကို သဘောရိုးဖြင့် အပြစ်ဆိုခြင်း၊ ဌာနအကြီးအကဲက မိမိ၏ လက်အောက်ခံ အရာထမ်းအမှုထမ်းတို့ကို သဘောရိုးဖြင့် အပြစ် ဆိုခြင်း၊ မိဘကသားသမီးကို အခြားကလေးများရှေ့တွင် သဘောရိုးဖြင့် အပြစ်ဆိုခြင်း၊ မိဘဖြစ်သူ၏ ခွင့်ပြုချက်ကိုရရှိသည့် ကျောင်းဆရာက တပည့်ကို အခြားတပည့်များရှေ့တွင် သဘောရိုးဖြင့် အပြစ်ဆို ခြင်း၊ စေခိုင်းသူက မိမိ၏အစေခံကို အလုပ်ပေါ့လျော့ လစ်ဟင်းသည့်အတွက် သဘောရိုးဖြင့် အပြစ်ဆို ခြင်း၊ ဘဏ်လုပ်ငန်းရှင်က မိမိ၏ ဘဏ်တိုက် ငွေကိုင်စာရေးကို ငွေကိုင်စာရေး၏ အပြုအမူနှင့်စပ်လျဉ်း၍ သဘောရိုးဖြင့် အပြစ်ဆိုခြင်းတို့သည် ကင်းလွတ်ချက်၌ အကျုံးဝင်သည်။

အခွင့်အာဏာရှိသူအား သဘောရိုးဖြင့် ပြောဆိုစွပ်စွဲခြင်း။

အဋ္ဌမကင်းလွတ်ချက်။ စွပ်စွဲသည့်အကြောင်းအရာနှင့်စပ်လျဉ်း၍ သူတစ်ဦးဦးအပေါ်၌ ဥပဒေနှင့်အညီ အခွင့်အာဏာရှိသောသူအား ထိုသူတစ်ဦးအကြောင်းကို သဘောရိုးဖြင့် စွပ်စွဲခြင်းသည် အသရေဖျက်မှု ဖြစ်သည်မမည်။

ဥပမာ

တရားသူကြီးရှေ့တွင် A က သဘောရိုးဖြင့် Z ကို စွပ်စွဲလျှင်လည်းကောင်း၊ A က အစေခံ Z ၏ အပြုအမူကို Z ၏ ဆရာအားသဘောရိုးဖြင့် တိုင်တန်းလျှင်လည်းကောင်း၊ A က ကလေးဖြစ်သူ Z ၏ အပြုအမူကို Z ၏ ဖခင်အား သဘောရိုးဖြင့် တိုင်တန်းလျှင်လည်းကောင်း A သည် ကင်းလွတ်ချက်၌ အကျုံးဝင်သည်။

သူတစ်ဦးက မိမိ၏အကျိုးကို သို့မဟုတ် အခြားသူ၏ အကျိုးကိုကာကွယ်စောင့်ရှောက်ရန် သဘောရိုးဖြင့် စွပ်စွဲခြင်း။

နဝမကင်းလွတ်ချက်။ အခြားသူတစ်ဦး၏ အကျင့်စာရိတ္တကို ထိခိုက်အောင် စွပ်စွဲရာ၌ စွပ်စွဲသူက သဘော ရိုးဖြင့် မိမိ၏အကျိုးကိုသော်လည်းကောင်း၊ သူတစ်ပါး၏ အကျိုးကိုသော်လည်းကောင်း ကာကွယ် စောင့်ရှောက်ရန် စွပ်စွဲခြင်းသည် သို့မဟုတ် အများပြည်သူ၏ အကျိုးအတွက် စွပ်စွဲခြင်းသည် အသရေ ဖျက်မှုဖြစ်သည်မမည်။

ဥပမာများ

(က) ဆိုင်ရှင် A က မိမိ၏ မန်နေဂျာ B အား “Z သည် ရိုးဖြောင့်သူ မဟုတ်ဟု ကျွန်ုပ်ထင်သည်။ ထို့ကြောင့် ငွေလက်ငင်းမပေးလျှင် သူ့အား ဘာမျှ မရောင်းနှင့်” ဟုပြော၏။ A သည် မိမိ၏ အကျိုးကိုကာကွယ် စောင့်ရှောက်ရန် Z အား သဘောရိုးဖြင့် စွပ်စွဲခြင်းပြုလျှင် A သည် ဤကင်းလွတ်ချက်၌ အကျုံးဝင်သည်။

(ခ) တရားသူကြီး A သည် မိမိ၏ အထက်အရာရှိထံ အစီရင်ခံရာ၌ Z ၏ အကျင့်စာရိတ္တကို ထိခိုက်အောင် စွပ်စွဲ၏။ ဤတွင် စွပ်စွဲခြင်းကိုသဘောရိုးဖြင့် အများပြည်သူ၏ အကျိုးအတွက် ပြုသည်ဖြစ်လျှင် A သည် ဤကင်းလွတ်ချက်၌ အကျုံးဝင်သည်။

သတိပေးခြင်းခံရသူအကျိုးအတွက်ဖြစ်စေ၊ အများပြည်သူ၏အကျိုးအတွက်ဖြစ်စေ ရည်ရွယ်၍သတိပေး ခြင်း။

ဒသမကင်းလွတ်ချက်။ အခြားသူတစ်ဦးအကြောင်းနှင့်စပ်လျဉ်း၍ သူတစ်ဦးအား သတိပေးရာတွင် သတိပေးသူက သတိပေးခြင်းခံရသူ၏ အကျိုးအတွက်သော်လည်းကောင်း၊ ထိုသူက အကျိုးလိုလားသော သူ၏ အကျိုးအတွက်သော်လည်းကောင်း၊ အများပြည်သူ၏ အကျိုးအတွက်သော်လည်းကောင်း ရည်ရွယ်၍ သဘောရိုးဖြင့် သတိပေးခြင်းဖြစ်လျှင် အသရေဖျက်မှုဖြစ်သည်မမည်။