(က) နှစ်စဉ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးသုံးလအတွင်း စာရင်းစစ်အစီရင်ခံစာတိုင်းကို ပြည့်စုံစွာပြုစု ရမည်ဖြစ်ပြီး စာရင်းစစ်က ထိုအစီရင်ခံစာတွင် အောက်ပါအချက်များ ဖော်ပြပါရှိစေရမည်-
(၁) ၎င်းတို့၏ ထင်မြင်ချက်တွင် ဘဏ်က ရေးဆွဲထားသော လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ် စာရင်းများသည် ပြည့်စုံ၍ မျှတကျနစွာ ရေးဆွဲထားခြင်း ရှိမရှိ၊
(၂) ဘဏ်၏ လုပ်ငန်းဆောင်တာများကို ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိမရှိ၊
(၃) အဆိုပါဘဏ်၏ အရာရှိများ သို့မဟုတ် ကိုယ်စားလှယ်များထံမှရရှိသော သတင်းအချက်အလက် သည် ကျေနပ်ဖွယ်ရာ ရှိမရှိ၊
(၄) ဗဟိုဘဏ်က သတ်မှတ်နိုင်သော အခြားသက်ဆိုင်သည့် အဆိုပါကိစ္စရပ်များ။
(ခ) ဘဏ်များအတွက် ပုဒ်မခွဲ (က)နှင့်အညီ ပြုစုထားသည့် စာရင်းစစ်အစီရင်ခံစာကို အစုရှယ်ယာဝင် အားလုံး တက်ရောက်သည့် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးတွင် ဘဏ်၏ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့်အတူ ယှဉ်တွဲ၍ ဖတ်ပြရမည်။
(ဂ) ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် သုံးလထက်နောက်မကျစေဘဲ စာရင်းစစ်၏ စီမံခန့်ခွဲမှု စာနှင့်အတူ ပုဒ်မခွဲ (က) အရ ပြုစု သည့် အစီရင်ခံစာပြီးဆုံးသည့်အခါ ထိုစာရင်းစစ်အစီရင်ခံစာကို ဗဟိုဘဏ်သို့ လွှဲပြောင်းပေးပို့ရမည်။
(ဃ) ဗဟိုဘဏ်သည် စာရင်းစစ်ဆေးထားသည့် ဘဏ္ဍာရေးအခြေအနေ ထုတ်ဖော်ချက်များမှာ ဘဏ်၏ လုပ်ငန်းဆောင်ရွက်ချက်များ စစ်မှန်ပြီးမှန်ကန်စွာ ထုတ်ဖော်ပြသခြင်းမရှိဟု သော်လည်းကောင်း၊ စာရင်းစစ်၏ အစီရင်ခံစာ သို့မဟုတ် စီမံခန့်ခွဲမှုစာမှာ ကျေနပ်ဖွယ်ရာမရှိဟု သော်လည်းကောင်း ထင်မြင် လျှင် ဘဏ်၏စရိတ်ဖြင့် ပြင်ပစာရင်းစစ်ကို ထပ်မံခန့်ထားရန် နှင့် စာရင်းစစ်အစီရင်ခံစာအသစ်တင်ရန် ထိုဘဏ်သို့ အမိန့်ထုတ်ဆင့်နိုင်သည်။
(င) ဘဏ်၏ စာရင်းစစ်အဖြစ် ၎င်း၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် စာရင်းစစ်သည် အောက် ပါကိစ္စရပ်တစ်ရပ်ရပ်အား စစ်ဆေးတွေ့ရှိပါက ဗဟိုဘဏ်သို့ ထိုကိစ္စကို ချက်ချင်းသတင်းပို့ရမည်-
(၁) ဤဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ခြင်း သို့မဟုတ် လိုက်နာမှုမရှိခြင်း သို့မဟုတ် လိမ်လည်မှု သို့မဟုတ် မရိုးမဖြောင့်မှု ကျူးလွန်ခြင်း၊
(၂) ဘဏ်၏ မတည်ရန်ပုံငွေများ ၅၀ ရာခိုင်နှုန်းမျှ လျော့ကျခြင်းကြောင့် အရှုံးဖြစ်ပေါ်ခြင်း၊
(၃) မြီရှင်များအတွက် အာမခံချက်ကိုထိခိုက်စေသည့် ပုံမမှန်မှု အပါအဝင် စနစ်ကျနမှု မရှိခြင်း၊
(၄) မြီရှင်များ၏ တောင်းဆိုမှုအပေါ် ရရန်ပိုင်ခွင့်များဖြင့် ပေးချေနိုင်မည်ဟု ၎င်းက အတည်ပြုထောက် ခံနိုင်မှုမရှိခြင်း။