လုယက်မှုဟူသမျှတွင် ခိုးမှုသော်လည်းကောင်း၊ ခြောက်လှန့်တောင်းယူမှုသော်လည်းကောင်း ပါသည်။
ခိုးမှုမှလုယက်မှု ဖြစ်လာခြင်း။
ခိုးမှုကျူးလွန်ရန်သော်လည်းကောင်း၊ ခိုးမှုကိုကျူးလွန်ရာတွင်သော်လည်းကောင်း၊ ခိုးမှုကျူးလွန်၍ ရရှိသော ပစ္စည်းကို သယ်ဆောင်ရာတွင် သို့မဟုတ် သယ်ဆောင်ရန် အားထုတ်ရာတွင်သော်လည်းကောင်း အထမြောက်စေရေးအတွက် ပြစ်မှုကျူးလွန်သူသည် မိမိအလိုအလျောက် သူတစ်ဦးဦးအား သေစေခြင်းကို ဖြစ်စေ၊ နာကျင်စေခြင်းကိုဖြစ်စေ၊ မတရားတားဆီးခြင်းကိုဖြစ်စေ၊ တစ်မုဟုတ်ချင်းသေစေမည်ဟု သို့မဟုတ် တစ်မုဟုတ်ချင်းနာကျင်စေမည်ဟု သို့မဟုတ် တစ်မုဟုတ်ချင်းမတရား တားဆီးခြင်းခံရစေ မည်ဟု ကြောက်ရွံ့အောင်ဖြစ်စေပြုလျှင် သို့မဟုတ် ထိုသို့ပြုရန် အားထုတ်လျှင် ခိုးမှုသည် လုယက်မှု ဖြစ်လာသည်။
ခြောက်လှန့်တောင်းယူမှုမှ လုယက်မှု ဖြစ်လာခြင်း။
ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်စဉ်တွင် ခြောက်လှန့်ခံရသူ၏မျက်မှောက်၌ ပြစ်မှုကျူးလွန်သူ ရှိနေ ပြီးလျှင် ခြောက်လှန့်ခံရသူကိုသော်လည်းကောင်း၊ အခြားသူတစ်ဦးကိုသော်လည်းကောင်း၊ တစ်မုဟုတ်ချင်း သေစေမည်ဟု သို့မဟုတ် တစ်မုဟုတ်ချင်း နာကျင်စေမည်ဟု သို့မဟုတ် တစ်မုဟုတ်ချင်း မတရားတားဆီး ခြင်းခံရစေမည်ဟု ပြစ်မှုကျူးလွန်သူက ကြောက်ရွံ့အောင်ပြု၍ ထိုသို့ပြုခြင်းဖြင့် ခြောက်လှန့်ခြင်းခံရသူအား ခြောက်လှန့်တောင်းယူခြင်းခံရသော ပစ္စည်းကို ထိုအခါ ထိုနေရာ၌ ပေးအပ်စေရန် သွေးဆောင်လျှင် ခြောက်လှန့်တောင်းယူမှုသည် လုယက်မှုဖြစ်လာသည်။
ရှင်းလင်းချက်။ ပြစ်မှုကျူးလွန်သူသည် ခြောက်လှန့်ခံရသူအား တစ်မုဟုတ်ချင်းသေစေခြင်းကိုဖြစ်စေ၊ တစ်မုဟုတ်ချင်းနာကျင်စေခြင်းကိုဖြစ်စေ၊ တစ်မုဟုတ်ချင်း မတရားတားဆီးခြင်းကိုဖြစ်စေ ပြုနိုင်လောက် အောင် ခြောက်လှန့်ခံရသူ၏ အနီး၌ရှိလျှင် ပြစ်မှုကျူးလွန်သူသည် ခြောက်လှန့်ခံရသူ၏ မျက်မှောက်တွင် ရှိသည်မည်၏။
ဥပမာများ
(က) A သည် Z ကို ဖိနှိမ်ထားပြီးလျှင် Z သဘောမတူဘဲ Z ၏ အဝတ်အစားထဲမှ ငွေနှင့် ကျောက်မျက် ရတနာများကို လိမ်လည်လှည့်ဖြားလိုသော သဘောနှင့် ယူ၏။ ဤတွင် A သည် ခိုးမှုကို ကျူးလွန်၏။ ထို့ပြင် ထိုခိုးမှုကို ကျူးလွန်ရန် Z အား မတရား တားဆီးခြင်းကို မိမိအလိုအလျောက် ပြုခဲ့သဖြင့် A သည် လုယက်မှုကို ကျူးလွန်သည်မည်၏။
(ခ) A သည် Z ကို လမ်းမတွင် တွေ့ရာ သေနတ်ပြပြီး Z ၏ ပိုက်ဆံအိတ်ကို တောင်း၏။ ထိုသို့တောင်းသဖြင့် Z က A သို့ ပိုက်ဆံအိတ်ကို ပေးလိုက်ရ၏။ ဤတွင် A သည် Z အား တစ်မုဟုတ်ချင်း နာကျင်စေမည်ဟု ကြောက်ရွံ့အောင်ပြု၍ Z ထံမှ ပိုက်ဆံအိတ်ကို ခြောက်လှန့်တောင်းယူသည့်ပြင် ထိုသို့ ခြောက်လှန့် တောင်းယူစဉ်က A သည် Z ၏ မျက်မှောက်၌ရှိ၏။ ထို့ကြောင့် A သည် လုယက်မှုကို ကျူးလွန်သည်မည်၏။
(ဂ) A သည် Z နှင့် Z ၏ ကလေးကို လမ်းမတွင်တွေ့၏။ A သည် Z ၏ ကလေးကို ယူ၍ Z က ပိုက်ဆံအိတ်ကို မပေးလျှင် ထိုကလေးကို ချောက်ကမ်းပါးသို့ ပစ်ချလိုက်မည်ဟု ခြိမ်းခြောက်၏။ ထိုသို့ ခြိမ်းခြောက်ခြင်း ကြောင့် Z သည် A သို့ ပိုက်ဆံအိတ်ကို ပေးလိုက်ရ၏။ ဤတွင် ထိုနေရာ၌ ရှိနေသော Z ၏ ကလေးကို တစ်မုဟုတ်ချင်း နာကျင်စေမည်ဟု A က Z ကို ကြောက်ရွံ့အောင်ပြု၍ Z ထံမှ ပိုက်ဆံအိတ်ကို ခြောက်လှန့် တောင်းယူသောကြောင့် A သည် လုယက်မှုကို ကျူးလွန်သည်မည်၏။
(ဃ) A က Z အား “သင်၏ ကလေးသည် ငါ၏ ဂိုဏ်းအုပ်စုလက်တွင်ရှိသည် ငွေတစ်သောင်းမပို့လျှင် ထိုကလေးကိုသတ်မည်” ဟုပြောဆို၍ Z ထံမှ ငွေကိုရယူ၏။ ထိုအမှုသည် ခြောက်လှန့် တောင်းယူမှုမျှသာ ဖြစ်သောကြောင့် ထိုပြစ်မှုနှင့်သာ ပြစ်ဒဏ်ချမှတ် ထိုက်သည်။ ကလေးကို တစ်မုဟုတ်ချင်း သေစေမည်ဟု Z အား ကြောက်ရွံ့အောင် ပြုခြင်း မဟုတ်လျှင် ထိုအမှုသည် လုယက်မှုမဟုတ်။