(က) ဗဟိုဘဏ်သည် ပုဂ္ဂိုလ်တစ်ဦးဦးက ပုဒ်မ ၄၂၊ ၄၃၊ ၄၄နှင့် ၄၅ တို့ပါ ပြဋ္ဌာန်းချက်ကို ဖြစ်စေ၊ ပုဒ်မ ၅၀ အရ ထုတ်ပြန်သည့် သတ်မှတ်ချက်များကို ဖြစ်စေ မလိုက်နာကြောင်း တွေ့ရှိလျှင် အောက်ပါစီမံ ခန့်ခွဲရေး နည်းလမ်းတစ်ရပ်ရပ်ဖြင့် အရေးယူ ဆောင်ရွက်နိုင်သည်-
(၁) ဖောက်ဖျက်သူ၏ မဲပေးသည့် အစုရှယ်ယာများနှင့် စပ်လျဉ်း၍ အဆိုပါ အစုရှယ်ယာကို လွှဲပြောင်း ခြင်း သို့မဟုတ် အစုရှယ်ယာ လွှဲပြောင်းရန် သဘောတူညီချက် သို့မဟုတ် အစီအစဉ်ကို လွှဲပြောင်းခြင်း မပြုရန် တားမြစ်ခြင်း၊
(၂) အဆိုပါ အစုရှယ်ယာနှင့် စပ်လျဉ်း၍ မဲပေးပိုင်ခွင့်အား တားမြစ်ခြင်း၊
(၃) အစုရှယ်ယာများ ထပ်မံထုတ်ခြင်းကို တားမြစ်ခြင်း သို့မဟုတ် ၎င်းအစုရှယ်ယာများ ကိုင်ထားသူ အား ရောင်းချရန် ကမ်းလှမ်းခြင်း ကို တားမြစ်ခြင်း၊
(၄) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းမှအပ အဆိုပါအစုရှယ်ယာအပေါ် ဘဏ်ထံမှ ပေးချေမှုကို တားမြစ် ခြင်း၊
(၅) ဖောက်ဖျက်သူနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်က အဆိုပါ အစုရှယ်ယာများကို အများပြည်သူအား လေလံတင်၍ ရောင်းချရန် အဆိုပါ ပုဂ္ဂိုလ်အား ညွှန်ကြားခြင်း။
(ခ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)အရ ထုတ်ပြန်သည့် ညွှန်ကြားချက်ကို ဖောက်ဖျက်သူထံသို့ ဖြစ်နိုင်သမျှ ချက်ချင်းပေးပို့ရမည်ဖြစ်ပြီး သင့်လျော်သည့်နည်းလမ်းဖြင့် အများသိစေရန် ကြေညာရမည်။
(ဂ) ပုဒ်မခွဲ (က)အရ ညွှန်ကြားချက် ထုတ်ဆင့်ခံရသော ဖောက်ဖျက်သူတစ်ဦးဦးသည် ထိုညွှန်ကြား ချက်ကို လက်ခံရရှိသည့်နေ့မှ ၁၄ ရက်အတွင်း ဗဟိုဘဏ်သို့ အဆိုပါအမိန့်ကို ပယ်ဖျက်ပေးရန် သို့မဟုတ် ပြင်ဆင်ပေးရန် စာဖြင့်လျှောက်ထားနိုင်သည်။
(ဃ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (ဂ)အရ လျှောက်ထားချက်ကို စိစစ်ပြီးနောက် အဆိုပါညွှန်ကြားချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတစ်ခုခုကို ပြုလုပ်နိုင်သည်။
(င) ဗဟိုဘဏ်သည် ဘဏ်၏ဒါရိုက်တာများ သို့မဟုတ် အရာရှိများထံသို့ ပုဒ်မခွဲ(က)အရ ထုတ်ဆင့် သည့် ညွှန်ကြားချက် တစ်ရပ်ရပ်ကို အကျိုးသက်ရောက်မှုရှိစေရန် လိုအပ်သလို ညွှန်ကြားနိုင်သည်။