ပုဒ်မ ၁၀၆
ပုဒ်မ ၁၀၆
မတည်ငွေရင်း လျှော့ချခြင်းနှင့် အစုရှယ်ယာများ ပယ်ဖျက်ခြင်း

(က) ဘဏ်၏ ထည့်ဝင်ပြီး မတည်ငွေရင်း ဆုံးရှုံးခြင်းဖြစ်စေ၊ ရရန်ပိုင်ခွင့်များဖြင့် မတင်ပြနိုင် လျှင်ဖြစ်စေ အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တွင် လျှောက်ထားပြီး ထိုမှတစ်ဆင့် ဘဏ်၏ အဆိုပါ မတည်ငွေရင်းဆုံးရှုံးမှု သို့မဟုတ် ရရန်ပိုင်ခွင့်များဖြင့် မတင်ပြနိုင်မှုတို့ကို ပယ်ဖျက်ခြင်းပြုပြီး မတည်ငွေရင်းကို လျှော့ချခြင်း ပြုနိုင်သည်။

(ခ) ဘဏ်၏ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များကို ပုဒ်မ ၁၀၄၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) ၊ ပုဒ်မခွဲငယ်စိတ် (ခခ) နှင့် (ဂဂ) တို့အရ အခြားသူသို့ လွှဲပြောင်းထားပြီး ဖြစ်လျှင် ဗဟိုဘဏ်သည် အများ ပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာပြီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တွင် လျှောက်ထားရမည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်၏အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်အရ ဘဏ်၏ ကျန်အစုရှယ်ယာ မတည်ငွေရင်းကို ပယ်ဖျက် နိုင်သည်။

(ဂ) ဗဟိုဘဏ်က ပုဒ်မခွဲ (က)အရ အစုရှယ်ယာ မတည်ငွေရင်းကို လျှော့ချရန်အမိန့်ကို ထုတ်ပြန်သည့် အခါ ထိုသို့ထုတ်ပြန်သည့် နေ့မှ ရက်ပေါင်း ၉၀ အတွင်း အစုရှယ်ယာရှင်များကလာရောက် ပေးသွင်း ခြင်းမပြုပါက ဗဟိုဘဏ်သည် အဆိုပါ ပေးသွင်းခြင်းမပြုသည့် တန်ဖိုးကိုပယ်ဖျက်ရေးအတွက် သက် ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားနိုင်သည်။

(ဃ) ဘဏ်၏ အစုရှယ်ယာမတည်ငွေရင်းကို ပုဒ်မခွဲ (က)အရ လျော့ချခြင်း သို့မဟုတ် ပုဒ်မခွဲ (ခ)အရ အစုရှယ်ယာများကို ပယ်ဖျက်ခြင်းပြုသည့်အခါ ဗဟိုဘဏ်သည် ဘဏ်၏ စာတမ်းအမှတ်အသား များကို ဖြစ်စေ၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း တို့ကိုဖြစ်စေ ပြောင်းလဲပြင်ဆင်ရေးအတွက် ကုမ္ပဏီ မှတ်ပုံတင်ရုံးသို့ လျှောက်ထားရန် ဘဏ်အား တောင်းဆိုနိုင်သည်။