(က) ဗဟိုဘဏ်သည် ပုဒ်မ ၉၅၊ ပုဒ်မခွဲ (က)အရ ဘဏ်အား သတိပေးအကြောင်းကြားစာ ထုတ်ပြီး ဖြစ်လျှင်ဖြစ်စေ သို့မဟုတ် ပုဒ်မ ၉၄ ပါ ပြဋ္ဌာန်းချက်တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ အကျုံးဝင်လျှင် ဖြစ်စေ အောက်ဖော်ပြပါ အရေးယူမှုတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဆောင်ရွက်နိုင်သည်-
(၁) ဘဏ်အား လုပ်ငန်းဆောင်ရွက်ချက်တစ်ခုခု သို့မဟုတ် လုပ်ငန်းဆောင်ရွက်ချက်အမျိုးအစား တစ်ခု ခုတွင် ဝင်ရောက်ဆောင်ရွက်ခြင်းမပြုရန် သတိပေးခြင်း သို့မဟုတ် တားမြစ်ခြင်း၊
(၂) ဘဏ်အား ဥပဒေကျူးလွန်ဖောက်ဖျက်ခြင်း သို့မဟုတ် စိတ်ချလုံခြုံမှုမရှိသော သို့မဟုတ် ခိုင်မာမှန် ကန်မှုမရှိသော လုပ်ထုံးလုပ်နည်းများကို ရပ်စဲရန် သို့မဟုတ် ရှောင်ကြဉ်ရန် ညွှန်ကြားခြင်း၊
(၃) ဘဏ်အား ဗဟိုဘဏ်က ညွှန်ကြားသည့်အတိုင်း သင့်လျော်သော အရေးယူဆောင်ရွက်မှုပြုလုပ်ရန် ညွှန်ကြားခြင်း၊
(၄) ပုဒ်မ ၉၁ အရ ဘဏ်အား စစ်ဆေးမှုပြုနေသည့် ကာလအတွင်းဖြစ်စေ၊ စစ်ဆေးပြီးနောက်ဖြစ်စေ ဗဟိုဘဏ်က အောက်ပါတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်-
(ကက) ဘဏ်နှင့်စပ်လျဉ်း၍ စဉ်းစားဆုံးဖြတ်ရန်လိုသည့် ကိစ္စတစ်ရပ်ရပ်အတွက် ဘဏ်ဒါရိုက်တာ အဖွဲ့အား အစည်းအဝေး ခေါ်ယူရန် ဘဏ်အားညွှန်ကြားခြင်း၊
(ခခ) ဘဏ်၏ တာဝန်ခံအရာရှိတစ်ဦးအား အဆိုပါစဉ်းစားဆုံးဖြတ်ရန် ကိစ္စရပ်တစ်ခုခုအတွက် ဗဟိုဘဏ် နှင့် ညှိနှိုင်းဆွေးနွေးခြင်း၊
(ဂဂ) ဒါရိုက်တာအဖွဲ့သို့မဟုတ် ကော်မတီအစည်းအဝေးကိစ္စများနှင့် စပ်လျဉ်းသည့် နို့တစ်စာများ၊ အခြားဆက်သွယ်ရေး ကိစ္စရပ်များကို ဗဟိုဘဏ်က သတ်မှတ်သည့် အရာရှိတစ်ဦးဦးထံသို့ စာဖြင့်ရေး သားအကြောင်းကြားရန် ဘဏ်၏ဒါရိုက်တာအဖွဲ့သို့ ညွှန်ကြားခြင်း၊
(ဃဃ) ဘဏ်၏လုပ်ငန်းဆောင်ရွက်ချက်များ သို့မဟုတ် ၎င်း၏ အရာရှိများ၊ လုပ်ငန်းခွဲများ၏ ဆောင် ရွက်မှုများနှင့် လုပ်ငန်းအစီရင်ခံစာများကို လေ့လာရန် ဗဟိုဘဏ်က ၎င်း၏အရာရှိတစ်ဦးကို ဖြစ်စေ၊ တစ်ဦးထက်ပို၍ဖြစ်စေ ခန့်အပ်တာဝန်ပေး ခြင်း၊
(ငင) စစ်ဆေးမှုပြုလုပ်နေချိန်တွင်ဖြစ်စေ၊ စစ်ဆေးမှုပြုလုပ်ရာမှဖြစ်စေ ထုတ်ဖော်ကြေညာသည့် ဘဏ် ၏ ဖော်ပြပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ အုပ်ချုပ်မှုဆိုင်ရာ ပြောင်းလဲမှုများကို ဗဟိုဘဏ်က သတ်မှတ် ထားသော အချိန်အတွင်းပြုလုပ်ရန် ဘဏ်အား ညွှန်ကြားခြင်း၊
(၅) ထည့်ဝင်ပြီး မတည်ငွေရင်းတိုးမြှင့်ခြင်းကို အစုရှယ်ယာအသစ်များ ထုတ်ဝေရောင်းချခြင်းဖြင့် ဖြစ် စေ၊ ထုတ်ဝေပြီး အစုရှယ်ယာမှ မပေးသွင်းရသေးသောအပိုင်းကို ပေးသွင်းရန် တောင်းခေါ်၍ဖြစ်စေ တိုးမြှင့်ရန် ညွှန်ကြားခြင်း၊
(၆) ဘဏ်၏ မတည်ငွေရင်း လုံလောက်မှုအချိုး သို့မဟုတ် ငွေကြေးလွယ်ကူမှု အချိုးတို့ကိုမြှင့်တင်ခြင်း သို့မဟုတ် ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် အခြားသော ကန့်သတ်ချက်များ သို့မဟုတ် စည်းကမ်း ချက်များကို ပိုမိုထားရှိ ဆောင်ရွက်ရေးအတွက် ဘဏ်အား ညွှန်ကြားခြင်း၊
(၇) ဘဏ်၏ လုပ်ငန်းအားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ ရပ်ဆိုင်းစေခြင်း၊
(၈) အစုရှယ်ယာဝင်များ၏ ဆန္ဒမဲပေးပိုင်ခွင့် အပါအဝင် အခွင့်အရေးများအားလုံးကို ဖြစ်စေ၊ အချို့ကို ဖြစ်စေ ရပ်ဆိုင်းခြင်း ၊ ထို့ပြင် ဘဏ်၏ အစုရှယ်ယာဝင်အား အမြတ်ငွေခွဲဝေမှုကိုဖြစ်စေ၊ ငွေထုတ်ယူခွင့် ကိုဖြစ်စေ တားမြစ်ခြင်း၊
(၉) ဘဏ်၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိအား ရာထူးမှ ရပ်ဆိုင်းခြင်း သို့မဟုတ် လုပ်ငန်းဆောင်ရွက်ခွင့်ကို အမြဲတမ်း ပိတ်ပင်ခြင်း၊
(၁၀) ဘဏ်၏ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ်၊ အရာရှိနှင့် ဝန်ထမ်းတို့၏ လုပ်ပိုင်ခွင့်ကို ကန့်သတ် တားမြစ်ခြင်း
(၁၁) ဘဏ်၏ ဒါရိုက်တာများနှင့် အဆင့်မြင့်အရာရှိများအား ပေးရမည့်ခံစားခွင့် (စီမံခန့်ခွဲမှုစရိတ်နှင့် အထူးချီးမြှင့်ငွေ အပါအဝင်) ကိုကန့်သတ်ခြင်း၊
(၁၂) ဘဏ်အား အပ်နှံငွေလက်ခံခြင်းနှင့် ငွေထုတ်ချေးခြင်း၊ ကြိုတင်ချေးငွေပေးခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံခြင်းတို့အပေါ် ပိတ်ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ ပြုခြင်း၊
(၁၃) ဘဏ်အား အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရန်၊ ဌာနတွင်း ကြီးကြပ်ခြင်းအစီအစဉ်နှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစနစ်များကို တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားခြင်း၊
(၁၄) ဘဏ်၏ လုပ်ငန်းပမာဏကို လျော့ချခြင်း၊ ပြည်တွင်းပြည်ပရှိဘဏ်များ၊ ဘဏ်ရုံးခွဲများ တိုးချဲ့ ခြင်းကို ကန့်သတ်ခြင်း သို့မဟုတ် ဘဏ်ခွဲများ၊ ဘဏ်ရုံးခွဲများ ပိတ်ရန် ညွှန်ကြားခြင်း၊
(၁၅) အရည်အသွေးမပြည့်မီသော ရရန်ပိုင်ခွင့်များအတွက် လျာထားမှုကိုတိုးမြှင့်စေခြင်း၊
(၁၆) ဘဏ်၏ အစုရှယ်ယာဝင်များက ထုတ်ချေးထားသည့် ချေးငွေအတွက် အရင်းပြန်ဆပ်ခြင်း သို့မ ဟုတ် အတိုးပေးခြင်းကို တားမြစ်ခြင်း၊
(၁၇) နိုင်ငံတော်ပိုင်ဘဏ်များမှအပ ဘဏ်၏အရာရှိ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် ဒါရိုက်တာ တစ်ဦးဦးကို ဗဟိုဘဏ်က အမိန့်စာဖြင့် ရာထူးတာဝန်မှ ထုတ်ပယ်ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ်များဖြစ် လျှင် လိုအပ်သလို အရေးယူဆောင်ရွက်ရန် သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊
(၁၈) ဗဟိုဘဏ်က အမိန့်စာဖြင့် ဒါရိုက်တာအဖွဲ့အား ရာထူးတာဝန်မှ ထုတ်ပယ်ခြင်းနှင့် ဘဏ်အား ထိန်းချုပ်မှုပြုပြီး ဘဏ်အား အုပ်ချုပ်စေရန် ဗဟိုဘဏ်က သင့်လျော်သည်ဟု ယူဆသူ အုပ်ချုပ်သူအား ခန့်အပ်၍ လုပ်ငန်းလည်ပတ် လုပ်ကိုင်စေခြင်း၊
(၁၉) ဗဟိုဘဏ်က အမိန့်စာဖြင့် ဘဏ်အား စတော့အိပ်ချိန်းတွင် စာရင်းဝင်အဖြစ်မှ ပယ်ဖျက်ပေးရန် လျှောက်ထားစေခြင်း။
(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၉)နှင့် (၁၇)တို့အရ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိ ကို ရာထူးတာဝန်မှ ထုတ်ပယ်ရန် အဆိုပြုအမိန့်နှင့်စပ်လျဉ်း၍ ဗဟိုဘဏ်သို့ ဖြေရှင်းချက်ပေးရန် ဘဏ်အား သင့်လျော်သော အခွင့်အရေးပေးရမည်။ သို့ရာတွင် ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၉)၊ (၁၇) နှင့် (၁၈)တို့အရ အမိန့်ထုတ်ဆင့်ရာတွင် နှောင့်နှေးသည့်ကိစ္စတွင် ဘဏ်သို့မဟုတ် ၎င်း၏ ငွေအပ်နှံသူ များ၊ မြီရှင်များ သို့မဟုတ် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးမည်ဟု ခိုင်လုံသော အထောက်အထားရရှိပါက အမိန့်စာကို ချက်ချင်းထုတ်ဆင့်နိုင်သည်။ ထို့အပြင် အမိန့်စာထုတ်ပြီး မကျေ နပ်ချက်ကို တင်ပြစေရေးအတွက် အတတ်နိုင်ဆုံး အခွင့်အရေးပေးရမည်။
(ဂ) ဗဟိုဘဏ်သည် တင်ပြလာသည့် မကျေနပ်ချက်မှာ မှန်ကန်ကြောင်း သုံးသပ်ရရှိလျှင် ထုတ်ဆင့်ခဲ့ သည့် အမိန့်စာကို စည်းကမ်းချက်များသတ်မှတ်၍ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ အစားထိုးခြင်း သို့မ ဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
(ဃ) ဗဟိုဘဏ်က ကာလတိုးချဲ့ခြင်းကို နောက်ထပ်အမိန့်စာဖြင့် ထုတ်ဆင့်ခြင်းမပြုလျှင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈)အရ ထုတ်ဆင့်သော အမိန့်သည် တရားဝင်သက်တမ်း နှစ်နှစ်ထက် မပိုစေရ။
(င) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈)အရ ခန့်ထားသော အုပ်ချုပ်သူက ဘဏ်၏ ထိန်းချုပ် ကွပ်ကဲမှုတာဝန်ကိုယူပြီးနောက် ဗဟိုဘဏ်သည် လက်တွေ့ဖြစ်နိုင်ခြေရှိသည့် အချိန်ကာလ တွင် အစီရင်ခံစာကို အစိုးရအဖွဲ့သို့ ပေးပို့ရမည်။ ထို့နောက် နှစ်စဉ်အစီရင်ခံစာကို ဆက်လက်ပေး ပို့ရမည်။
(စ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈) အရ ထုတ်ထားသော အမိန့်စာကို အချိန်မရွေး အမိန့် စာဖြင့် ပယ်ဖျက်နိုင်သည်။ ထို့အပြင် ပယ်ဖျက်သည့်အမိန့်စာတွင် ဗဟိုဘဏ်က လိုအပ်သည်ဟု ထင်မြင် သည့်အတိုင်း ညွှန်ကြားချက်များ၊ ပူးတွဲ၊ နောက်ဆက်တွဲ သို့မဟုတ် သဘောအားဖြင့် အကျိုးဆက်ဖြစ် ပေါ်လာမည့် အချက်များ ပါရှိစေရမည်။
(ဆ) ဘဏ်၏အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိတစ်ဦးဦးအား ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၇) အရ ရာထူးမှ ထုတ်ပယ်ခြင်းခံရလျှင် အမိန့်တွင် ဖော်ပြထားသော နေ့ရက်မှစ၍ ရာထူးတာဝန်မှ ရပ်စဲရ မည်။ ယင်းနောက်ပိုင်း အဆိုပါ ဘဏ်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မည်သည့်နည်းဖြင့်မျှ ပါဝင်ပတ်သက်ခြင်း မရှိစေရ။
(ဇ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၇) အရ ဒါရိုက်တာ ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိတစ်ဦး ဦးအား ထုတ်ပယ်ခြင်းသည် အလုပ်ခန့်သည့် စာချုပ်တွင် မည်သို့ပင် ပါရှိစေကာမူ ရာထူးမှ ထုတ်ပယ် ခြင်းမှာ ဥပဒေနှင့်ညီညွတ်ပြီး တရားဝင်ဖြစ်စေရမည်။ ထို့ပြင် အလုပ်ထုတ်ပယ်ခံရသူ မည်သူမျှ အလုပ် ထုတ်ပယ်ခြင်းအတွက် လျော်ကြေးတောင်းဆိုပိုင်ခွင့် မရှိစေရ။
(ဈ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံခြားဘဏ်ခွဲများနှင့်လည်း သက်ဆိုင်စေရမည်။
(ည) နိုင်ငံခြားဘဏ်၏ ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဆောင်ရွက်ချက်များနှင့် ပျက်ကွက်မှုများ အားလုံးသည် လည်းကောင်း၊ ထိုနိုင်ငံခြားဘဏ်၊ ဘဏ်ရုံးခွဲ၏ လုပ်ငန်းဆိုင်ရာ အခြားကိစ္စများသည် လည်းကောင်း ဤအခန်းပါ ပြဋ္ဌာန်းချက်များ သက်ဆိုင်မှုတွင် တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ် မှတ်ယူရမည်။
(ဋ) ဤအခန်းပါ ပြဋ္ဌာန်းချက်များ အလို့ငှာ ဘဏ်၏ မတည်ရင်းနှီးငွေနှင့် ရရန်ပိုင်ခွင့်များ၏ တန်ဖိုးကို ဗဟိုဘဏ်က ထုတ်ပြန်သည့် စည်းမျဉ်းများတွင် သတ်မှတ်သည့် စံသတ်မှတ်ချက်များ နှင့် လုပ်ထုံးလုပ် နည်းများအတိုင်းဖြစ်သည်။