ပုဒ်မ ၄၁၅
ပုဒ်မ ၄၁၅
လိမ်လည်မှု

မည်သူမဆို သူတစ်ဦးဦးအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခံရသောသူက သူတစ်ဦးအား ပစ္စည်း တစ်ခုခုကို ပေးအပ်စေရန်ဖြစ်စေ၊ သူတစ်ဦးထံတွင် ပစ္စည်းတစ်ခုခုကို ဆက်လက်ထားရှိသည်ကို သဘောတူ စေရန်ဖြစ်စေ ထိုသို့လှည့်ဖြားခြင်းခံရသောသူအား လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် သော်လည်း ကောင်း၊ မရိုးမဖြောင့်သောသဘောဖြင့်သော်လည်းကောင်း သွေးဆောင်လျှင် သို့မဟုတ် သူတစ်ဦးဦးအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခြင်းခံရသောသူက အကယ်၍ လှည့်ဖြားခြင်းမခံရ ခဲ့သော် မိမိပြုမည်မဟုတ်သော သို့မဟုတ် မိမိပျက်ကွက်မည် မဟုတ်သောအရာကို ပြုစေရန်သော် လည်းကောင်း၊ မပြုဘဲ ပျက်ကွက်စေရန်သော်လည်းကောင်း ထိုသို့ လှည့်ဖြားခြင်းခံရသောသူအား တမင်သွေးဆောင်လျှင် ထို့ပြင် ထိုပြုလုပ်မှုက သို့မဟုတ် ထိုပျက်ကွက်မှုက ထိုသူ၏ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ပျက်စီးနစ်နာစေခြင်းသော်လည်းကောင်း၊ အန္တရာယ်သော်လည်းကောင်း ဖြစ်စေလျှင် သို့မဟုတ် ထိုသို့ ဖြစ်စေတန်ရာလျှင် ထိုသူသည် လိမ်လည် သည်မည်၏။

ရှင်းလင်းချက်။ မရိုးမဖြောင့်သောသဘောဖြင့် အကြောင်းခြင်းရာများကို ထိမ်ချန်ခြင်းသည် ဤပုဒ်မ၏ အဓိပ္ပာယ်အရ လှည့်ဖြားခြင်းမည်၏။

ဥပမာများ

(က) A သည် နိုင်ငံ့ဝန်ထမ်း အဖွဲ့ဝင်မဟုတ်ဘဲ ဟုတ်မှန်ယောင်ဆောင်လျက် Z ကို တမင်လှည့်ဖြား ပြီးလျှင် ကုန်ဖိုးငွေကိုပေးချေရန် သဘောမထားဘဲ မိမိအား ကုန်အကြွေးပေးစေရန် Z ကို မရိုးမဖြောင့် သောသဘောဖြင့် သွေးဆောင်၏။ ဤတွင် A သည် လိမ်လည်သည် မည်၏။

(ခ) A သည် တံဆိပ်အတုကို ပစ္စည်းတစ်ခုပေါ်၌ပြု၍ ထိုပစ္စည်းကိုထင်ရှားသော ကုန်ထုတ်လုပ်သူက ပြုလုပ်ကြောင်း Z ယုံကြည်အောင် တမင်လှည့်ဖြားပြီးလျှင် Z အား အဖိုးပေး ဝယ်ယူစေရန် မရိုးမဖြောင့်သော သဘောဖြင့်သွေးဆောင်၏။ ဤတွင် A သည် လိမ်လည်သည်မည်၏။

(ဂ) A သည် Z အား ပစ္စည်းနှင့်မတူသော နမူနာကိုပြ၍ ပစ္စည်းသည် နမူနာအတိုင်းဖြစ်ကြောင်း Z ယုံကြည် အောင် တမင်လှည့်ဖြားပြီးလျှင် Z အား ပစ္စည်းကို တန်ဖိုးပေးဝယ်ယူစေရန် မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်၏။ ဤတွင် A သည် လိမ်လည်သည် မည်၏။

(ဃ) A သည် အစုစပ်လုပ်ငန်းတွင် ငွေအပ်နှံထားခြင်းမရှိ။ ထိုကြောင့် ထိုလုပ်ငန်းက မိမိ၏ ငွေလွှဲ လက်မှတ်ကိုပယ်မည်ဖြစ်ကြောင်း သိထား၏။ ထိုသို့ သိထားပြီးလျက်နှင့် ပစ္စည်းတစ်ခုအတွက် ငွေပေး ချေရန် အဆိုပါ အစုစပ်လုပ်ငန်း၌ ငွေထုတ်ယူရမည့် ငွေလွှဲလက်မှတ်ကို Z အား ပေးခြင်းဖြင့် Z ကို တမင် လှည့်ဖြားပြီးလျှင် ထိုပစ္စည်း၏ တန်ဖိုးကိုပေးရန် မကြံရွယ်ဘဲ Z က မိမိအား ထိုပစ္စည်းကိုပေးအပ်စေရန် Z အား မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်၏။ ဤတွင် A သည် လိမ်လည်သည် မည်၏။

(င) A သည် ပစ္စည်းတစ်ခုကို စိန်မဟုတ်ကြောင်းသိလျက်နှင့် ထိုပစ္စည်းကို စိန်ထည်အဖြစ်ဖြင့် ပေါင်နှံကာ Z အား တမင်လှည့်ဖြားပြီးလျှင် Z က မိမိအား ငွေချေးစေရန် Z ကို မရိုးမဖြောင့် သောသဘောဖြင့် သွေးဆောင်၏။ ဤတွင် A သည် လိမ်လည်သည် မည်၏။

(စ) A သည် ချေးယူသည့်ငွေကို ပြန်ဆပ်ရန် ကြံရွယ်ခြင်းမရှိဘဲ Z ထံမှ ချေးယူသည့် ငွေများကို ပြန်ဆပ် မည်ဖြစ်ကြောင်း ယုံကြည်အောင်ပြု၍ Z ကို တမင်လှည့်ဖြားပြီးလျှင် Z က မိမိအား ငွေထုတ်ချေးရန် Z အား မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်၏။ ဤတွင် A သည် လိမ်လည်သည်မည်၏။

(ဆ) A သည် မဲနယ်ပင်ပေးအပ်ရန် ကြံရွယ်ခြင်းမရှိဘဲ Z အား မဲနယ်ပင်များ ပေးမည်ဖြစ်ကြောင်း ယုံကြည် အောင် တမင်လှည့်ဖြား၏။ ထိုသို့ လှည့်ဖြားခြင်းကို Z သည် ယုံကြည်ရာ A သည် Z က မိမိအား ငွေထုတ်ပေး စေရန် Z ကို မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်၏။ ဤတွင် A သည် လိမ်လည်သည်မည်၏။ သို့ရာတွင် A သည် ငွေကိုရစဉ်က မဲနယ်ပင်များကိုပေးအပ်ရန် ကြံရွယ်ခြင်းရှိ၍ နောင်အခါမှာမှ ပဋိညာဉ်ကို ဖောက်ဖျက်ကာ မပေးအပ်ဘဲနေလျှင် A သည် လိမ်လည်ရာမရောက်။ ပဋိညာဉ်ဖောက်ဖျက်သည့်အတွက် တရားမကြောင်း စွဲဆိုခြင်းကိုသာလျှင် ခံထိုက်သည်။

(ဇ) A သည် Z နှင့် ပြုလုပ်ထားသည့် ပဋိညာဉ်တွင် မိမိဆောင်ရွက်ရန်ဖြစ်သော အမှုကိစ္စကို မဆောင်ရွက် ဘဲလျက် ဆောင်ရွက်ပြီးစီးကြောင်း ယုံကြည်အောင် တမင်လှည့်ဖြား၍ မိမိအား Z က ငွေပေးစေရန် Z ကို မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်၏။ ဤတွင် A သည် လိမ်လည်သည် မည်၏။

(ဈ) A သည် မြေနေရာတစ်ခုကို B အား ရောင်းချ၍ လွှဲပြောင်းပေး၏။ ထိုသို့ ရောင်းချပြီးဖြစ်သဖြင့် ထိုမြေနေရာနှင့်စပ်လျဉ်း၍ မိမိ၌ပိုင်ဆိုင်ခွင့်မရှိကြောင်းသိလျက်နှင့် A သည် ထိုသို့ ရောင်းချလွှဲပြောင်းပေး ပြီးဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ထိုမြေနေရာကို Z အား ရောင်းချခြင်းကိုသော်လည်းကောင်း၊ ပေါင်နှံခြင်းကို သော်လည်းကောင်း ပြု၍ Z ထံမှ ရောင်းရငွေကို သို့မဟုတ် အပေါင်ငွေကို လက်ခံ၏။ ဤတွင် A သည် လိမ်လည်သည်မည်၏။