(က) တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၆/၉၄) အာဏာမတည်မီက လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်၏ အစိတ်အပိုင်းကို အမှတ်တရပစ္စည်းအဖြစ်လည်းကောင်း၊ ရိုးရာဓလေ့ထုံးစံအရလည်းကောင်း လက်ဝယ်ထားသူ သို့မဟုတ် ဝတ်စားဆင်ယင်သူသည် ဝန်ကြီးဌာနက သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။
(ခ) ပုဒ်မခွဲ (က) အရ မှတ်ပုံတင်ထားသူထံမှ ရိုးရာဓလေ့ထုံးစံအရ ဆက်ခံရရှိသူမှအပ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းလက်ခံရရှိသူသည် ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။
(ဂ) ဤဥပဒေ အာဏာတည်ပြီးနောက် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို သုတေသနပြုလုပ်နိုင်ရေးအတွက် ပုဒ်မ ၂၁၊ ပုဒ်မခွဲ (က) အရ ဖမ်းဆီးခွင့်၊ လက်ဝယ်ထားခွင့် ရသော ပြည်တွင်း သို့မဟုတ် ပြည်ပမှအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးသည် ယင်းတောရိုင်းတိရစ္ဆာန်၏ အစိတ်အပိုင်းကို သုတေသနပြုလုပ်ရန်ဖြစ်စေ၊ အမှတ်တရဖြစ်စေ လက်ဝယ်ထားရှိလိုလျှင် သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်။
(ဃ) ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ) အရ ခွင့်ပြုချက်ရရှိသူသည် တောရိုင်းတိရစ္ဆာန် မွေးမြူခြင်းနှင့် သဘာဝအပင် မျိုးပွားစိုက်ပျိုးခြင်းတို့အတွက် သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။
(င) ပုဒ်မခွဲ (ဃ)အရ မှတ်ပုံတင်ရရှိသူသည် သစ်တောဦးစီးဌာနက သတ်မှတ်သည့် မှတ်ပုံတင်ကြေးငွေကို ပေးဆောင်ရမည်။
(စ) ပုဒ်မခွဲ (ဃ) အရ မှတ်ပုံတင်ခြင်းအတွက် စစ်ဆေးခ၊ မှတ်ပုံတင်ခနှင့် အခြားစရိတ်ကြေးငွေ များသည် သစ်တောဦးစီးဌာနက သတ်မှတ်သည့်အတိုင်းဖြစ်စေရမည်။