ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သည်-
(က) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ငန်း သဘောအရလည်းကောင်း၊ လက်တွေ့အကောင်အထည်ဖော်ရာတွင်လည်းကောင်း ဤဥပဒေနှင့်အညီ လွတ်လပ်စွာဆောင်ရွက်ရမည်။
(ခ) သတင်းပို့ချက်များကိုလည်းကောင်း၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများနှင့် ဆက်နွှယ်သည့် အခြားသောသတင်းအချက်အလက်များကိုလည်းကောင်း လက်ခံခြင်း၊ တောင်းဆိုခြင်း၊ စိစစ်ခြင်းနှင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်သော်လည်း ကောင်း၊ ဤဥပဒေနှင့်သက်ဆိုင်သော ပြစ်မှုတစ်ရပ်ရပ်နှင့်သော်လည်းကောင်း ဆက်နွှယ်သည်ဟု သံသယ ရှိသည့်အခါ စိစစ်တွေ့ရှိချက်ရလဒ်နှင့် အခြားသက်ဆိုင်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းထံသို့ ဆောလျင်စွာပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်နှင့်အညီ ပေးအပ်ခြင်းများကို ဆောင်ရွက်နိုင်သည်။
(ဂ) သတင်းပို့ချက်များအား လက်ခံခြင်း၊ တောင်းဆိုခြင်း၊ စိစစ်ခြင်းနှင့် သတင်းအချက်အလက်များအား ပေးပို့ခြင်း သို့မဟုတ် ဖြန့်ဝေခြင်းများအား ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်ခွင့်အပါအဝင် မိမိ၏ လုပ်ငန်းတာဝန်များအား လွတ်လပ်စွာဆောင်ရွက်နိုင်မည့် လုပ်ပိုင်ခွင့်နှင့် စွမ်းဆောင်ရည်ရှိရမည်။
(ဃ) သတင်းပို့အဖွဲ့အစည်းကပေးပို့သောသံသယဖြစ်ဖွယ်လွှဲပြောင်းမှု သတင်းပို့ချက်များ၊ ငွေကြေးခဝါချမှု များ၊ ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သော ပြစ်မှုများ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်သက်ဆိုင် သော သတင်းအချက်အလက်များနှင့် အခြားသောသတင်းအချက်အလက်များကို လက်ခံခြင်း၊ စိစစ်ခြင်းနှင့် ဖြန့်ဝေခြင်းတို့ပြုလုပ်ရမည်။
(င) လက်ခံရရှိသည့် သတင်းအချက်အလက်အမျိုးအစားနှင့် အရေအတွက်အသုံးပြုရန် မျှော်မှန်းသည့် သတင်းအချက်အလက်တို့အပေါ်အခြေပြု၍ အမှုတစ်မှုချင်းနှင့် သီးခြားပစ်မှတ်များ၊ ဆောင်ရွက်မှုများ သို့မဟုတ် လွှဲပြောင်းချက်များ သို့မဟုတ် သင့်လျော်သည့် ရွေးချယ်ထားသော သတင်းအချက်အလက်များကို အဓိကထားသည့် သမားရိုးကျခွဲခြမ်းစိတ်ဖြာခြင်းတို့ ပြုလုပ်ရမည်။
(စ) လုပ်ငန်းပိုင်ဆိုင်ရာလွတ်လပ်ခွင့်ကို ထိပါးစေမည့် နိုင်ငံရေး၊ အစိုးရ သို့မဟုတ် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း၏ မလျော်ဩဇာသက်ရောက်မှု သို့မဟုတ် စွက်ဖက်မှုမှကင်းလွတ်ပြီး မိမိ၏ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန် လိုအပ်သော အရင်းအမြစ်များ (လူအင်အား၊ ရန်ပုံငွေ၊ လုပ်ငန်းသုံး ပစ္စည်းနှင့် နည်းပညာ)အား ရယူခွင့်နှင့် ထိရောက်စွာအသုံးပြုခွင့်များ ရှိရမည်။
(ဆ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဦးတည်ရာများနှင့် ပုံစံများကို ကိုင်တွယ် ဖြေရှင်းရန် မဟာဗျူဟာမြောက် ခွဲခြမ်းစိတ်ဖြာရမည်။
(ဇ) သက်ဆိုင်ရာ သတင်းပို့အဖွဲ့အစည်းထံမှ လိုအပ်သောသတင်းအချက်အလက်များကို တောင်းခံရယူ ရမည်။
(ဈ) သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ်အစိုးရအဖွဲ့အစည်း၊ သတင်းပို့အဖွဲ့အစည်းအား အသိပညာပေးခြင်း၊ သင်တန်းပေးခြင်းနှင့် လိုအပ်သောအကူအညီ အထောက်အပံ့ပေးရမည်။