(က) အောက်ပါအခြေအနေများတွင် ဗဟိုဘဏ်သည် တည့်မတ်ရေးအစီအစဉ်များ ချမှတ်ဆောင် ရွက်နိုင်သည်-
(၁) ဗဟိုဘဏ်သို့ ဘဏ်ကကြွေးမြီများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိကြောင်း သို့မဟုတ် ၎င်း၏ပေးရန် တာဝန်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း သို့မဟုတ် ပေးဆပ်ရန်တာဝန်များ အနက်မှ ကြီးမားသော အတိုင်းအတာကို ပြန်လည်ပေးဆပ်နိုင်စွမ်းမရှိတော့ကြောင်း သို့မဟုတ် ငွေပေး ချေမှုကို အတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့မည်ဖြစ်ကြောင်း အကြောင်းကြားခြင်း၊
(၂) ပုဒ်မ ၉၁ အရ ကြီးကြပ်စစ်ဆေးပြီးနောက်ဖြစ်စေ၊ အခြားနည်းအရဖြစ်စေ ဗဟိုဘဏ်သည် ဘဏ် တွင် အောက်ပါအခြေအနေ တစ်ရပ်ရပ်ဖြစ်ပေါ်နေကြောင်း တွေ့ရှိသည့်အခါ သတိပေးအကြောင်းကြား စာပေးပို့မည်-
(ကက) ၎င်း၏ လုပ်ငန်းများလုပ်ဆောင်ရာတွင် ငွေအပ်နှံသူများ၊ မြီရှင်များ သို့မဟုတ် အများပြည်သူ တို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေရန် ပြုလုပ်ကြောင်း၊
(ခခ) ငွေရေးကြေးရေး ပေးရန်တာဝန်များကို ပေးဆပ်ရန် အချိန်စေ့ရောက်သော်လည်း ပေးချေမှုမပြု ကြောင်း၊
(ဂဂ) ပေးရန်တာဝန်အားလုံးကိုဖြစ်စေ၊ ကြီးမားသော အတိုင်းအတာတစ်ခုအထိဖြစ်စေ ပေးချေ မှုမပြုနိုင် ကြောင်း သို့မဟုတ် ငွေပေးချေမှုကိုအတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့မည်ဖြစ်ကြောင်း၊
(ဃဃ) တရားစွဲဆိုခံရခြင်းမရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ လိုင်စင်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း၊
(ငင) လိုင်စင်လျှောက်ထားရာတွင် မမှန်ကန်သော အကြောင်းပြချက် သို့မဟုတ် လိမ်လည်ထိမ်ချန် သောဖော်ပြချက်ဖြင့် လိုင်စင်လျှောက်ထား ရရှိခဲ့ကြောင်း၊
(စစ) ဘဏ်၏ဒါရိုက်တာ၊ အမှုဆောင်အရာရှိ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ဘဏ်၏ အကျိုးစီးပွား ကိုဖြစ်စေ၊ ငွေအပ်နှံသူများ၏ အကျိုးစီးပွားကိုဖြစ်စေ ထိခိုက်နစ်နာစေရန် ဆောင်ရွက်ကြောင်း၊
(ဆဆ) ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဘဏ်၏လုပ်ငန်းနှင့် စာအုပ်များ သို့မဟုတ် မှတ်တမ်း များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအားလုံး သို့မဟုတ် အရေးပါသော အစိတ်အပိုင်းများကို နိုင်ငံတော် ပြင်ပသို့ ထုတ်ဆောင်သွားသဖြင့် ဘဏ်သည် ဗဟိုဘဏ်၏ ကြီးကြပ်စစ်ဆေးမှုအား နှောင့်နှေးကြန့်ကြာ မှု ဖြစ်စေကြောင်း၊
(ဇဇ) ဗဟိုဘဏ်က ပေးပို့သည့် ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ကြောင်း၊
(ဈဈ) ဗဟိုဘဏ်က သတ်မှတ်သည့် စံသတ်မှတ်ချက်များဖြစ်သည့် ရရန်ပိုင်ခွင့် အရည်အသွေးစီမံခန့်ခွဲမှု၊ ဝင်ငွေရရှိမှု၊ ငွေကြေးလွယ်ကူမှု သို့မဟုတ် ဈေးကွက်ဆုံးရှုံးနိုင်ခြေအပေါ် ခံနိုင်ရည်ရှိမှုစသည်တို့ကို ပြည့်မီအောင် လိုက်နာရန် ပျက်ကွက်ကြောင်း၊
(ညည) ဤဥပဒေပါ သို့မဟုတ် ဗဟိုဘဏ်၏ စည်းမျဉ်းတစ်ရပ်ရပ်ပါ မတည်ရင်းနှီးငွေ လိုအပ်ချက် များကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ပျက်ကွက်မည့် အခြေအနေဖြစ်ပေါ်နေကြောင်း၊
(ဋဋ) ဘဏ်လုပ်ငန်းစနစ် တစ်ရပ်လုံး၏ သို့မဟုတ် တစ်စိတ်တစ်ပိုင်းရှိ ငွေအပ်နှံသူများအတွက် ဆုံးရှုံးနိုင်ခြေရှိသည့် လုပ်ငန်းများနှင့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်လျက်ရှိကြောင်း၊
(ဌဌ) ဘဏ်သည် ကြွေးမြီပေးဆပ်နိုင်စွမ်းမရှိခြင်းနှင့် ၎င်း၏စုစုပေါင်းရရန် ပိုင်ခွင့်တန်ဖိုးသည် စုစု ပေါင်းပေးရန်တာဝန်ထက် လျော့နည်းနေကြောင်း၊
(ဍဍ) မြီစားများအတွက် ကြွေးမြီသက်သာခွင့်ပြုသည့် လူမွဲစာရင်းခံယူခြင်းဆိုင်ရာ အက်ဥပဒေအရဖြစ် စေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ လုံခြုံရေးအရ အပ်နှံခံရသူ၊ ပစ္စည်းထိန်းအရာရှိ သို့မဟုတ် စာရင်းရှင်း လင်းဖျက်သိမ်းရေး အရာရှိက အဆိုပါသက်သာခွင့် တောင်းဆိုသည့် အမှုများနှင့်ရင်ဆိုင် နေရကြောင်း၊
(ဎဎ) ဘဏ်သည် ရာဇဝတ်ပြစ်မှု လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေခြင်း သို့မဟုတ် ၎င်းလုပ်ရပ်များ အတွက် အသုံးချခံနေရခြင်း နှင့် ၎င်းလုပ်ရပ်များအတွက် လုံလောက်သော ကြိုတင်ကာကွယ် အရေးယူ ဆောင်ရွက်ချက်များ မပြုလုပ်နိုင်ကြောင်း၊
(ဏဏ) နိုင်ငံခြားဘဏ်တစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ မိမိသဘောအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းလျက်ရှိကြောင်း သို့မဟုတ် ၎င်း၏ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်သည် မူရင်းနိုင်ငံ၌ ဖျက်သိမ်းခံရကြောင်း၊
(တတ) ဘဏ်သည် လုပ်ငန်းစွမ်းဆောင်မှု အရည်အသွေး မကောင်းခြင်းကြောင့် ပေးရန် တာဝန်များကို ပြည့်မီစွာ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း သို့မဟုတ် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် မသင့်ကြောင်း ဗဟိုဘဏ်က စဉ်းစား ဆုံးဖြတ်ကြောင်း၊
(ထထ) ဘဏ်သည် လုပ်ငန်းဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ် သုံးနှစ်ဆက်တိုက် အရှုံးပေါ်နေ ကြောင်း။
(ခ) ပုဒ်မခွဲ (က)တွင် မည်သို့ပင် ပါရှိစေကာမူ ဗဟိုဘဏ်က ပုဒ်မ ၉၅ အရ သတိပေးအကြောင်းကြားစာ ပေးပို့ခြင်းသည် ငွေအပ်နှံသူများ သို့မဟုတ် မြီရှင်များ၏ အကျိုးစီးပွားကို ပို၍အန္တရာယ်ဖြစ်နိုင်ကြောင်း ဆုံးဖြတ်သည့်အခါ ဗဟိုဘဏ်သည် သတိပေးအကြောင်းကြားစာပေးပို့ခြင်း မပြုဘဲ ပုဒ်မ ၉၆ အရ ပြန်လည်တည့်မတ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်နိုင်သည်။