(က) ငွေပေးချေမှုအဖြစ် အသုံးပြုသော ချက်လက်မှတ်များနှင့် အီလက်ထရောနစ်နည်းလမ်းများ အပါအဝင်အခြား နည်းလမ်းများကို စာရင်းရှင်းလင်းရန်အလို့ငှာ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ စာရင်းရှင်းလင်း ရေးအဖွဲ့ (clearing house) များကို လိုအပ်သည့် နေရာ များတွင် ဖွဲ့စည်းတည်ထောင်နိုင်သည်။
(ခ) ဗဟိုဘဏ်သည် စာရင်းရှင်းလင်းရေးစနစ် (clearing and settlement system) နှင့် စာရင်းရှင်းလင်းရေးအဖွဲ့များ (clearing houses) နှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ ဆောင်ရွက်ချက်များ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဗဟိုဘဏ်က သတ်မှတ်သော စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ရန် အခွင့်အာဏာရှိသည်-
(၁) ဆုံးရှုံးမှုမျှဝေကျခံခြင်း (loss-sharing mechanism) အပါအဝင် ဗဟိုမှပြန်လှန် စာရင်းရှင်းလင်း သူ (Central counter-party) အဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊
(၂) ငွေရေးကြေးရေးရရန် ပိုင်ခွင့်များကို ထိန်းသိမ်းပေးသူအဖြစ်လည်းကောင်း သို့မဟုတ် စာရင်းရှင်း လင်းရေး ကိုယ်စားလှယ်အဖြစ်လည်းကောင်း ဆောင်ရွက်ခြင်း သို့မဟုတ် နှစ်ခုလုံးကို ဆောင်ရွက်ခြင်း၊
(၃) စာရင်းရှင်းလင်းရေးအဖွဲ့ (clearing house) မှဖြစ်စေ၊ ပါဝင်ဆောင်ရွက်သူမှ ဖြစ်စေ ၊ ဗဟိုမှ ပြန်လှန်စာရင်းရှင်းလင်းသူ မှဖြစ်စေ အပ်နှံငွေများ လက်ခံခြင်းနှင့် အတိုးပေးချေခြင်း၊
(၄) ပါဝင်ဆောင်ရွက်သူများအား နေ့ချင်းငွေကြေး လိုအပ်ချက်ပမာဏ ဖြည့်ဆည်းပေးခြင်း။