ပုဒ်မ ၁၃
ပုဒ်မ ၁၃
ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ဗဟိုအဖွဲ့သည်-

(က) သံသယဖြစ်ဖွယ်သတင်းပို့ချက်များ၊ ငွေကြေးခဝါချမှု၊ ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သည့် ပြစ်မှုများ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်သက်ဆိုင်သည့် အခြားသတင်းအချက်များအား လက်ခံခြင်း၊ စိစစ်ခြင်းနှင့် ဖြန့်ဝေခြင်းအပါအဝင် ဤဥပဒေနှင့်သက်ဆိုင်သည့် ငွေကြေးဆိုင်ရာကိစ္စရပ်များကို စုံစမ်း ထောက်လှမ်းသည့်လုပ်ငန်းများကို သီးခြားလွတ်လပ်၍ ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံဖြင့် တာဝန်ယူဆောင်ရွက်ရန် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းပေးရမည်။

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသော ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အား တည်ဆဲ အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံတွင် ထည့်သွင်းဖွဲ့စည်းထားခြင်းဖြစ်ပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အဓိကလုပ်ငန်းတာဝန်များသည် တည်ဆဲအာဏာပိုင်အဖွဲ့အစည်း၏ လုပ်ငန်း တာဝန်များနှင့် ကွဲပြားစေရန် သတ်မှတ်ပေးရမည်။