ပုဒ်မ ၁၀၃
ပုဒ်မ ၁၀၃
ပြစ်မှုနှင့် ပြစ်ဒဏ်များ

(က) မည်သူမဆိုကလေးသူငယ်အား အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးရှစ်လမှ အများဆုံး ငါးနှစ်အထိထောင်ဒဏ် ချမှတ်ရမည့် အပြင် အနည်းဆုံးကျပ်ရှစ်သိန်းမှ အများဆုံး ကျပ် ၁၆ သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်-

(၁) မသန်စွမ်းကလေးသူငယ်အားနိုင်ထက်စီးနင်း အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်း၊

(၂) ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှုဖြစ်စေသော အလုပ်လုပ်ရန် ခိုင်းစေခြင်း၊

(၃) ဘေးအန္တရာယ်ရှိသော အလုပ်ကိုဖြစ်စေ၊ ကျန်းမာရေးထိခိုက်စေသော အလုပ်ကိုဖြစ်စေ ခိုင်းစေခြင်း သို့မဟုတ် လုပ်ကိုင်ရန် ခွင့်ပြုခြင်း၊

(၄) အဓမ္မ အလုပ်ခိုင်းစေခြင်း သို့မဟုတ် အဓမ္မဝန်ဆောင်မှုပေးစေခြင်း၊

(၅) နှိပ်စက်ညှဉ်းပမ်းမှု ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာ ကျဆင်းစေသော နှိမ့်ချပြုမူဆက်ဆံမှုတို့ ပြုကျင့်ခြင်း။

(ခ) မည်သူမဆို ကလေးသူငယ်အား လက်နက်ကိုင်ပဋိပက္ခအတွင်း အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံး ခြောက်နှစ် အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ် ကိုးသိန်းမှအများဆုံးကျပ် ၁၈ သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်-

(၁) ရိက္ခာ၊ လက်နက် သို့မဟုတ် ပစ္စည်းများ သယ်ယူခိုင်းခြင်းစသည့် ပံ့ပိုးရေးလုပ်ငန်းများတွင်အသုံး ပြုခြင်း၊ လမ်းပြခိုင်းခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အသုံးပြုခြင်း၊

(၂) စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း။