ပုဒ်မ ၁၃၅
ပုဒ်မ ၁၃၅
ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်များ

ဗဟိုဘဏ်သည် အောက်ပါတို့ကို တည်ထောင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ စည်းရုံးဖွဲ့စည်း ဆောင်ရွက်ခြင်းနှင့် တိုးမြှင့် ခြင်းတို့ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေရန် လိုအပ်သော လုပ်ငန်း တည်ထောင်မှု၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု၊ စည်းရုံး ဖွဲ့စည်းမှု၊ လုပ်ငန်းမြှင့်တင်မှု၊ ပါဝင်ဆောင် ရွက်မှု သို့မဟုတ် အကူအညီပေးမှုများပြုနိုင်ပြီး လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခြင်းနှင့် ကြီး ကြပ်ခြင်းတို့ပြုနိုင်သည်-

(က) ပြည်တွင်းငွေကြေးဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေဖြင့်လည်းကောင်း၊ ငွေပေးချေမှုများ ပြုလုပ်ခြင်း သို့မဟုတ် ငွေလဲလှယ်ခြင်းများအတွက် စာရင်းရှင်းလင်းခြင်းနှင့် ပေးချေမှုစနစ် သို့မဟုတ် အခြား အစီအစဉ်များ၊

(ခ) ငွေချေးသက်သေခံလက်မှတ်များ စာရင်းရှင်းလင်းခြင်းအတွက် စနစ်တစ်မျိုးမျိုးနှင့်ငွေချေး သက်သေခံလက်မှတ် လဲလှယ်ခြင်းအတွက် အခြားအစီအစဉ်များ၊

(ဂ) စာရင်းရှင်းလင်းခြင်းနှင့် ပေးချေမှုကို ငွေကြေးတစ်ခုမှ အခြားငွေကြေးတစ်ခုဖြင့် ပြုလုပ်ခြင်းနှင့် လဲလှယ်ခြင်း သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ခြင်းကို ငွေကြေးတစ်မျိုးမှ အခြားငွေကြေးတစ်မျိုးဖြင့် ပြုလုပ်သောစနစ် သို့မဟုတ် အခြားအစီအစဉ်များ။