ပုဒ်မ ၇၈
ပုဒ်မ ၇၈
ဘဏ်များ၏ ဒါရိုက်တာအဖွဲ့၊ အမှုဆောင်အရာရှိချုပ်

ဒါရိုက်တာများနှင့် အရာရှိများ အရည်အချင်းပျက်ယွင်းခြင်းနှင့် ရာထူးတာဝန်မှ ထုတ်ပယ်ခြင်း

(က) ပုဂ္ဂိုလ်တစ်ဦးဦးသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းမရှိစေရ-

(၁) ရာထူးတာဝန်တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် သင့်မြတ်လျော်ကန်မှု မရှိသူဖြစ်ခြင်း၊

(၂) ပုဒ်မ ၇၆ ၊ ပုဒ်မခွဲ(ဃ)အရ ဗဟိုဘဏ်သို့ နည်းလမ်းတကျ အကြောင်းကြားခြင်းမရှိဘဲ ခန့်အပ် ထားသူ၊ ရွေးချယ် တင်မြှောက်ထားသူ သို့မဟုတ် အမည်စာရင်းတင်သွင်းထားသူဖြစ်ခြင်း၊

(၃) ခန့်အပ်ခြင်း သို့မဟုတ် အမည်စာရင်းတင်သွင်းခြင်းအား ဗဟိုဘဏ်က ပုဒ်မ ၇၇၊ ပုဒ်မခွဲ (ဂ)အရ အတည်ပြုရန် ငြင်းပယ်ခြင်း ခံရသူဖြစ်ခြင်း၊

(၄) ဘဏ်၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရန် အရည်အချင်းမပြည့်သူ၊ အမြဲတမ်းမစွမ်းဆောင်နိုင်သူ ဖြစ်ခြင်း၊

(၅) ဘဏ်၏ ရည်ရွယ်ချက်များနှင့် ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို တစ်နည်းနည်းဖြင့် သိသာ ထင်ရှားစွာ ဆန့်ကျင်မှုများ ပြုလုပ်လာသူဖြစ်ခြင်း။

(ခ) ဘဏ်သည် ၎င်း၏ဒါရိုက်တာများ သို့မဟုတ် အမှုဆောင်အရာရှိချုပ်က ရာထူးတာဝန်ထမ်းဆောင် ရန် အရည်အချင်း ပျက်ယွင်းလာကြောင်း သိရှိသည့်နေ့မှ ၁၅ ရက်အတွင်း ထိုဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိချုပ်အား ထုတ်ပယ်ရမည်ဖြစ်ပြီး ဗဟိုဘဏ်သို့လည်း အကြောင်းကြားစာ ပေးပို့ရမည်။

(ဂ) ဗဟိုဘဏ်သည် ဘဏ်၏ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိချုပ် တစ်ဦးဦးက ပုဒ်မခွဲ(က)အရ ရာထူးတာဝန် ဆက်လက်ထမ်းဆောင်ရန် အရည်အချင်း ပျက်ယွင်းကြောင်း တွေ့ရှိသည့်အခါ ဗဟိုဘဏ် သည်-

(၁) အဆိုပါပုဂ္ဂိုလ်အား သတ်မှတ်ပေးသည့် ရက်အတွင်း ရာထူးမှထုတ်ပယ်ရန်စာဖြင့် ညွှန်ကြားနိုင် သည်။ ထို့ပြင်

(၂) ထိုသို့ညွှန်ကြားချက် မိတ္တူပူးတွဲ၍ ရာထူးတာဝန်မှ ထုတ်ပယ်ခြင်းခံရသူထံစာဖြင့် အကြောင်းကြား ရမည်။

(ဃ) ဘဏ်သည် ညွှန်ကြားချက်ပါ သတ်မှတ်ပေးသည့် အချိန်အတွင်း အဆိုပါပုဂ္ဂိုလ်အား ရာထူးတာဝန် မှ ထုတ်ပယ်ကြောင်းကို အကြောင်းကြားပြီး ဘဏ်၏ အစုရှယ်ယာဝင်များထံ လိုအပ်သလို အကြောင်း ကြားရမည်။ ထို့ပြင် ကုမ္ပဏီများ မှတ်ပုံတင်အရာရှိထံသို့ ထုတ်ပယ်ခြင်း ကိစ္စကို အကြောင်းကြားရမည်။

(င) ပုဒ်မခွဲ (ဂ)အရ ညွှန်ကြားချက်နှင့်အညီ ဒါရိုက်တာ သို့မဟုတ် အရာရှိအား ထုတ်ပယ်ခြင်းသည် အခြားတည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တွင်ဖြစ်စေ၊ ဘဏ်၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း တွင်ဖြစ်စေ မည်သို့ပင်ပါရှိစေကာမူ အဆိုပါရာထူး တာဝန်မှ ထုတ်ပယ်ကြောင်း ထုတ်ပြန်ကြေ ညာ ချက်ကို လက်ခံရရှိသည့်နေ့မှစ၍ အကျိုးသက်ရောက်မှု ရှိစေရမည်။

(စ) ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) အရ ပေးသည့် ညွှန်ကြားချက်ကို သတ်မှတ်အချိန်ကာလအတွင်း လိုက်နာရန် ပျက်ကွက်သော ဘဏ်ဖြစ်ပြီး ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂)အရ အကြောင်းကြားစာ ချမှတ် ခြင်းခံရသော ၎င်း၏ တာဝန်ဆက်လက် ထမ်းဆောင်သော ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဤဥပဒေ အရ ပြစ်မှုကျူးလွန်ရာရောက်သည်။

(ဆ) ဘဏ်တစ်ခုခုက ပုဒ်မခွဲ (ဂ) အရ ထိုဘဏ်၏ ဒါရိုက်တာ သို့မဟုတ် အရာရှိရာထူး တာဝန်မှ ထုတ် ပယ်ခြင်းကို ကျေနပ်မှုမရှိလျှင် သက်ဆိုင်ရာပုဂ္ဂိုလ်က ဗဟိုဘဏ်သို့ အယူခံနိုင်သည်။ ထိုကိစ္စတွင် ပုဒ်မ ၇၇၊ ပုဒ်မခွဲ (ဃ) နှင့် (င) တို့အရ ပြဋ္ဌာန်းသည့် လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်စေရမည်။