မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ပြုလုပ်ရန် ခိုင်းစေကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -
(က) ဆိုက်ဘာအရင်းအမြစ်ကို ပျက်စီးစေနိုင်သော လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း သို့မဟုတ် မောလ်ဝဲရ် (Malware) ထည့်သွင်းခြင်း သို့မဟုတ် ဝင်ရောက်စေခြင်း၊
(ခ) ဆိုက်ဘာအရင်းအမြစ်အား ရယူပိုင်ခွင့်ရှိသူကို ယင်းစနစ်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိစေရန် ပြုလုပ်ခြင်း၊
(ဂ) ဆိုက်ဘာအရင်းအမြစ်အတွင်းရှိ သတင်းအချက်အလက်ကို ဖျက်ဆီးခြင်း၊ ဖယ်ထုတ်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ယင်း၏ အသုံးဝင်မှုကို ယုတ်လျော့ စေခြင်း သို့မဟုတ် အကျိုးသက်ရောက်မှုကို ထိခိုက်စေခြင်း၊
(ဃ) ကွန်ပျူတာရှိ ပင်ရင်းကုဒ်သင်္ကေတ (Source Code) များကို ပျက်စီးစေရန် ရည်ရွယ်၍ ခိုးယူခြင်း၊ အသုံးပြုခွင့်မရအောင် ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းလဲခြင်း၊
(င) ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ လိမ်လည်လှည့်ဖြားခြင်း၊
(စ) အခြားသူကို ထိခိုက်နစ်နာစေရန် သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေရန် သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ထိုသို့ပြုလုပ် ထားသော အချက်အလက်ကို ဖြန့်ဝေခြင်း၊
(ဆ) ကွန်ရက်အား အသုံးပြု၍ မလိုလားအပ်သော သို့မဟုတ် တောင်းဆိုထားခြင်းမရှိသော စာတိုပေးပို့ ခြင်း၊ အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် အချက်အလက်ပေးပို့ခြင်း။