ပုဒ်မ ၃
ပုဒ်မ ၃
အနက်အဓိပ္ပါယ်ဖွင့်ဆိုရေးလမ်းညွှန်များ

(က) ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်တွင် ပါဝင်သောစကားရပ်များသည် သာမန်နေ့စဉ်သုံး အနက်အဓိပ္ပါယ် ကိုဆောင်စေရမည်။ သို့ရာတွင် ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်အညီ သီးခြားအဓိပ္ပါယ်ဖွင့်ဆိုပေးရန် လိုအပ်သောစကားရပ်သည် ယင်းသီးခြား အနက်အဓိပ္ပါယ်ကို ဆောင်စေရမည်။

(ခ) ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ယင်းဥပဒေကိုပြုသည့်အာဏာပိုင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် ကိုက်ညီအောင် ဖွင့်ဆိုရမည်။

(ဂ) ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုရာ၌ ယင်းဥပဒေမပြဋ္ဌာန်းမီက ရှိရင်းစွဲ ဖြစ်သော သက်ဆိုင်ရာဥပဒေများအရ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေကိုလည်းကောင်း၊ ယင်းအခြေ အနေကို မည်သည့်အကြောင်းကြောင့် မည်သို့မည်ပုံ ပြင်ဆင်ရန် လိုကြောင်းကိုလည်းကောင်း ထည့်သွင်း စဉ်းစားနိုင်သည်။

(ဃ) အထူးဥပဒေတရပ်ရပ်တွင် ပါရှိသော ပြဋ္ဌာန်းချက်တရပ်သည် ယေဘုယျဥပဒေတရပ်ရပ်တွင် ပါရှိ သောသက်ဆိုင်ရာပြဋ္ဌာန်းချက်ကို လွှမ်းမိုးသည်။ ဥပဒေတရပ်ရပ်တွင် ပါရှိသောအထူးပြဋ္ဌာန်းချက် တရပ် ရပ်သည် ယင်းဥပဒေတွင်ပါရှိသော ယေဘုယျပြဋ္ဌာန်းချက်ကို လွှမ်းမိုးသည်။

(င) ဥပဒေတရပ်ရပ်တွင် နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုရှိစေရမည်ဟု အတည့်အလင်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ယင်းဥပဒေသည်နောက်ကြောင်းပြန် အာဏာသက်ရောက်မှုမရှိစေရ။ သို့ရာတွင် မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှနောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုမရှိစေရ။

(စ) လုပ်ထုံးလုပ်နည်းနှင့်သာသက်ဆိုင်သော ဥပဒေတွင် တနည်းတဖုံဖော်ပြထားခြင်းမရှိလျှင် ယင်းဥပဒေ သည်နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုရှိစေရမည်။

(ဆ) ရှေးဦးကျသော ဥပဒေပြဋ္ဌာန်းချက်တရပ်နှင့် နောက်ကျသော ဥပဒေပြဋ္ဌာန်းချက်တရပ်တို့ ကွဲလွဲ ဆန့်ကျင်နေပါက နောက်ကျသော ဥပဒေပြဋ္ဌာန်းချက်သည် အတည်ဖြစ်စေရမည်။