မိန်းမကအလိုမတူဘဲ ထိုမိန်းမကို သူတစ်ဦးဦးနှင့် ထိမ်းမြားစေခြင်းငှာ အတင်းအကျပ်ပြုရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသို့ အတင်းအကျပ်ပြုခြင်းခံရမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့် သော်လည်းကောင်း၊ အနိုင်အထက်ပြုခြင်းဖြင့်ဖြစ်စေ၊ ကာမသွေးဆောင်အကျင့်ဖျက်ဆီးခြင်းဖြင့်ဖြစ်စေ၊ မတရားသဖြင့် ကာမစပ်ယှက်စေရန်သော်လည်းကောင်း၊ ထိုသို့အနိုင်အထက်ပြုခြင်း သို့မဟုတ် ကာမသွေးဆောင် အကျင့်ဖျက်ဆီးခြင်းခံရမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း မည်သူမဆို မိန်းမတစ်ဦးအား ခိုးယူလျှင် သို့မဟုတ် သွေးဆောင်ဆွဲခေါ်လျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
ထို့ပြင်မည်သူမဆို ဤရာဇသတ်ကြီးတွင် အဓိပ္ပာယ်ဖော်ပြသည့် ရာဇဝတ်မကင်းသော ခြောက်လှန့်ခြင်း နည်းဖြင့်သော်လည်းကောင်း၊ မိမိအခွင့်အာဏာကို အလွဲသုံးစားပြုခြင်းဖြင့်သော်လည်းကောင်း၊ အခြား အတင်းအဓမ္မနည်း တစ်နည်းနည်းဖြင့်သော်လည်းကောင်း အနိုင်အထက်ပြုခြင်းဖြင့်ဖြစ်စေ၊ ကာမ သွေးဆောင်အကျင့်ဖျက်ဆီးခြင်းဖြင့်ဖြစ်စေ မိန်းမတစ်ဦးကို အခြားသူတစ်ဦးနှင့် မတရားသဖြင့် ကာမ စပ်ယှက်စေရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသို့ကာမစပ်ယှက်ခြင်းခံရမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ထိုမိန်းမအား တစ်နေရာရာမှ ထွက်သွားစေရန် သွေးဆောင်လျှင် ထိုသူကို အထက်ဖော်ပြသည့်အတိုင်း ပြစ်ဒဏ်ချမှတ်ရမည်။