ပုဒ်မ ၆၆
ပုဒ်မ ၆၆
ပြစ်မှုနှင့်ပြစ်ဒဏ်များ

မည်သူမဆိုအောက်ပါပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ပုဒ်မခွဲ (ဃ) ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-

(က) ဆက်သွယ်ရေးကွန်ရက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲ ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊

(ခ) ဆက်သွယ်ရေးကွန်ရက်ကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ ဗိုင်းရပ်စ် သို့မဟုတ် အခြားနည်းလမ်း တစ်ခုခုဖြင့် ဝင်ရောက်စေခြင်း၊

(ဂ) ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း၊

(ဃ) ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။