(က) ရာထူးတာဝန်ယူရန် သင့်မြတ်လျော်ကန်မှုရှိခြင်းနှင့် ဤဥပဒေအရ ရာထူးတာဝန်ထမ်းဆောင် ရန် တားမြစ်ပိတ်ပင်ခြင်း မရှိပါက မည်သူမဆို ဘဏ်တစ်ခု၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မ ဟုတ် မန်နေဂျာအဖြစ် ခန့်အပ်ပိုင်ခွင့်၊ ရွေးချယ်တင်မြှောက် ခံပိုင်ခွင့် သို့မဟုတ် အမည်စာရင်း တင်သွင်း ခွင့်ရှိသည်။
(ခ) ဤဥပဒေအရ ရာထူးတာဝန်နှင့် သင့်မြတ်လျော်ကန်သူ ဟုတ်မဟုတ် ဆုံးဖြတ်ရာတွင် ဗဟိုဘဏ်က သတ်မှတ်နိုင်သည့် အခြားကိစ္စရပ်များအပြင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်-
(၁) ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ စီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် သက်ဆိုင်ရာ ကဏ္ဍတစ်ခုခု တွင် ပညာအရည်အချင်း သို့မဟုတ် အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်သော အရည်အချင်းများ သို့မဟုတ် ထိရောက်သည့်အတွေ့အကြုံများ၊
(၂) အဆိုပါ ပုဂ္ဂိုလ်သည် လိမ်လည်လှည့်ဖြားမှု၊ မရိုးမဖြောင့်မှု သို့မဟုတ် အခြား မလျော်မကန်ပြုမူ ကြောင်း ကြပ်မတ်ကွပ်ကဲသည့် အဖွဲ့အစည်းကဖြစ်စေ၊ ပြည်တွင်းပြည်ပတွင် ဖွဲ့စည်းထားသည့် အသက်မွေးဝမ်းကျောင်းအသင်းအဖွဲ့ သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းထားသည့် အခြားအဖွဲ့အစည်းတစ်ခုခုကဖြစ်စေ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စုံစမ်းခြင်းခံရခြင်း၊
(၃) အဆိုပါ ပုဂ္ဂိုလ်သည် ငွေရေးကြေးရေး စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပရှိ တရားရုံးတစ်ခု ခုက ပြစ်ဒဏ်ချမှတ်ခြင်း ခံရခြင်း ရှိမရှိ၊
(၄) အဆိုပါ ပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ လူမွဲစာရင်း ခံယူသူအဖြစ် ကြေညာခံ ရခြင်း ရှိမရှိ၊
(၅) အဆိုပါ ပုဂ္ဂိုလ်သည် ကြွေးမြီပြန်လည်ပေးဆပ်မှုအပါအဝင် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ တရားရုံးတစ်ခုခု၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်တစ်ခုခုကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူ ဟုတ်မဟုတ်၊
(၆) အဆိုပါပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေတရားရုံးတစ်ခုခုကသော်လည်း ကောင်း၊ နိုင်ငံတော်တွင် အစိုးရဆေးဘုတ်အဖွဲ့ကသော်လည်းကောင်း စိတ်မနှံ့သူ ဖြစ်သည် ဟု ကြေညာထားခြင်းခံရသူ ဟုတ်မဟုတ်၊
(၇) အဆိုပါ ပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ကြပ်မတ်ကွပ်ကဲခြင်း စည်းမျဉ်းအရ အရေးယူခြင်းကြောင့် သော်လည်းကောင်း၊ ဗဟိုဘဏ်ကသော်လည်းကောင်း ငွေရေးကြေးရေးအဖွဲ့ အစည်း သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ခုခုတွင် ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် ထမ်းဆောင်ခြင်းမှ ထုတ်ပယ်ခြင်း သို့မဟုတ် ရာထူးရပ်ဆိုင်းခြင်းခံရသူ ဟုတ်မဟုတ်၊
(၈) အဆိုပါ ပုဂ္ဂိုလ်သည် နိုင်ငံတော်တွင်ဖြစ်စေ၊ အရပ်ဒေသတစ်ခုခုတွင်ဖြစ်စေ လိုင်စင်အား ခေတ္တ ရပ်စဲခြင်း သို့မဟုတ် ရပ်စဲခြင်းခံထားရသည့် ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခုခု၏ အဓိကအစု ရှယ်ယာရှင်၊ ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ်တစ်ဦး ဟုတ်မဟုတ်။
(ဂ) ပုဒ်မခွဲ (ခ)ကို မထိခိုက်စေဘဲ ဘဏ်၏ ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ် သို့မဟုတ် မန်နေဂျာ သည် ယင်းဘဏ်၏ လက်အောက်ခံအခြားအဖွဲ့အစည်း သို့မဟုတ် ဦးပိုင်ကုမ္ပဏီမှအပ အခြားဘဏ် သို့မ ဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် တစ်ချိန်တည်းတာဝန် ထမ်းဆောင်ခြင်းမပြုရ။
(ဃ) မည်သူ့ကိုမျှ ၎င်း၏ဒါရိုက်တာအဖြစ် ခန့်အပ်ရန် ရည်ရွယ်ကြောင်း ဗဟိုဘဏ်သို့ အကြောင်းကြား စာပေးပို့ပြီးရက်ပေါင်း ၃၀ မပြည့်မီ ဒါရိုက်တာအဖြစ် အမည်စာရင်းတင်သွင်းခြင်း၊ ခန့်အပ်ခြင်း၊ ရွေး ချယ်တင်မြှောက်ခြင်း မပြုရ။
(င) အကြောင်းကြားစာကို ဗဟိုဘဏ်၏ သတ်မှတ်သည့်ပုံစံဖြင့် ပေးပို့ရမည်ဖြစ်ပြီး ဗဟိုဘဏ်က တောင်းခံသည့် သက်ဆိုင်သော စာတမ်းအမှတ်အသားများနှင့် သတင်းအချက်အလက်များ ပူးတွဲပါရှိရ မည်။
(စ) ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့တွင် ရည်ညွှန်းဖော်ပြသော ကိစ္စတရပ်ရပ်ကို သေချာစစ်ရန် လိုအပ်သလို စဉ်းစားချင့်ချိန်ပြီး နောက်ကြောင်း စုံစမ်းစစ်ဆေးခြင်း တစ်ရပ်ရပ်ဆောင်ရွက်ရန် ဗဟိုဘဏ်သည် ဤ ဥပဒေအရ အခွင့်အာဏာရှိသည်။