မည်သူမဆို ရွှေ့ပြောင်းနိုင်သောပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစား ပြုလျှင် သို့မဟုတ် မိမိ၏ပစ္စည်းအဖြစ် ပြောင်းလဲခြင်းပြုလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဥပမာများ
(က) Z ပိုင်ပစ္စည်းကို A က မိမိပိုင်ပစ္စည်းဟု ယုံကြည်၍ Z ၏ လက်ရှိမှ ထိုပစ္စည်းကို သဘောရိုးဖြင့် ယူ၏။ ထိုသို့ယူသဖြင့် A သည် ခိုးမှုမကျူးလွန်။ သို့ရာတွင် A သည် မိမိပစ္စည်း မဟုတ်ကြောင်း သိပြီးနောက် ထိုပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် မိမိ၏ပစ္စည်းအဖြစ်ဖြင့် အသုံးပြုလျှင် ဤပုဒ်မအရ ပြစ်မှုကျူးလွန် သည်။
(ခ) A သည် Z နှင့် မိတ်ဆွေဖြစ်သည့်အလျောက် Z မရှိခိုက် Z ၏ စာကြည့်တိုက်သို့သွား၍ Z ၏ အတိအလင်း သဘောတူချက်မရရှိဘဲ စာအုပ်တစ်အုပ်ကို ယူသွား၏။ ဤတွင် A သည် Z ၏ စာအုပ်ကိုဖတ်ရန်အလို့ငှာ ရယူခြင်းအတွက် Z သဘောတူရာရောက်သည်ဟု ထင်မြင်လျှင် ခိုးမှုကို မကျူးလွန်။ သို့ရာတွင် မိမိအကျိုး အတွက် ထိုစာအုပ်ကို နောင်အခါတွင် ရောင်းစားလျှင် A သည် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်သည်။
(ဂ) A နှင့် B တို့သည် မြင်းတစ်ကောင်ကို အတူပိုင်ကြ၏။ A သည် အသုံးပြုရန် အကြံနှင့် B ၏ လက်ရှိမှ ထိုမြင်းကို ရယူ၏။ ဤတွင် A သည် ထိုမြင်းကို သုံးစွဲပိုင်ခွင့်ရှိသဖြင့် မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုသည် မမည်။ သို့ရာတွင် A သည် မြင်းကိုရောင်း၍ မိမိအသုံးပြုမှုအတွက် ရောင်းရငွေ အားလုံးကို သုံးစားခြင်းပြုလျှင် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သည်။
ရှင်းလင်းချက် ၁။ မရိုးမဖြောင့်သောသဘောဖြင့် ခေတ္တမျှသာ အလွဲသုံးစားပြုခြင်းသည်လည်း ဤပုဒ်မအရ အလွဲသုံးစားပြုသည် မည်၏။
ဥပမာ
A သည် ကန့်သတ်မဲ့လက်မှတ်ရေးထိုးချက်ပါသော Z ပိုင် အစိုးရ ငွေပေးကတိစာချုပ်ကို တွေ့၏။ ထိုငွေပေးကတိစာချုပ်ကို Z ပိုင်ကြောင်း သိလျက်နှင့် နောက်အခါမှာမှ Z အား ပြန်ပေးမည် ကြံရွယ်၍ ဘဏ်လုပ်ငန်းရှင်တစ်ဦးထံ၌ ချေးငွေအတွက် အာမခံအဖြစ် ပေါင်နှံထား၏။ A သည် ဤပုဒ်မအရ ပြစ်မှု ကျူးလွန်သည်။
ရှင်းလင်းချက် ၂။ သူတစ်ဦးသည် အခြားသူ၏ လက်ရှိမဟုတ်သော ပစ္စည်းတစ်ခုကိုတွေ့၏။ ထိုပစ္စည်းကို ပစ္စည်းရှင်အတွက် စောင့်ရှောက်ထားရန်အလို့ငှာဖြစ်စေ၊ ပစ္စည်းရှင်သို့ ပြန်ပေးရန်အလို့ငှာဖြစ်စေ ရယူ ထား၏။ ထိုသို့ ရယူထားခြင်းသည် မရိုးမဖြောင့်သော သဘောနှင့် ရယူထားခြင်းမဟုတ်သောကြောင့် သို့မဟုတ် အလွဲသုံးစားပြုခြင်း မဟုတ်သောကြောင့် ပြစ်မှုကိုကျူးလွန်သည်မမည်။ သို့ရာတွင် ပစ္စည်း ပိုင်ရှင်ကို သိလျက်နှင့်ဖြစ်စေ၊ ပစ္စည်းပိုင်ရှင်ကို ရှာဖွေတွေ့ရှိနိုင်လောက်သော နည်းလမ်းရှိလျက်နှင့် ဖြစ်စေ၊ ပစ္စည်းပိုင်ရှင်ကိုတွေ့အောင် ရှာဖွေအကြောင်းကြားရန် အကြောင်းလုံလောက်သော နည်းလမ်းကို သုံး၍ ပစ္စည်းကို ပိုင်ရှင်ကတောင်းဆိုသာအောင် သင့်တော်သောအချိန်ကာလအထိ သိမ်းဆည်းထားခြင်း မပြုသေးမီ ဖြစ်စေ၊ မိမိအသုံးပြုမှုအတွက် သုံးစွဲလျှင် ထိုသူသည် အထက်တွင်ဖော်ပြထားသော ပြစ်မှုကို ကျူးလွန်သည် မည်၏။
ထိုကဲ့သို့သော အမှုမျိုးတွင် အကြောင်းလုံလောက်သော နည်းလမ်းများဆိုသည်မှာ သို့မဟုတ် သင့်တော် သော အချိန်ကာလဆိုသည်မှာ အကြောင်းခြင်းရာ ပြဿနာဖြစ်သည်။
ပစ္စည်းပိုင်ရှင် မည်သူဖြစ်ကြောင်းကို သို့မဟုတ် သူတစ်ဦးဦးသည် ပစ္စည်းပိုင်ရှင်ဖြစ်ကြောင်းကို ပစ္စည်း တွေ့သူက သိရမည်ဟူသော အချက်သည်မလို။ ပစ္စည်းကို သုံးစဉ်အခါက မိမိပိုင်ပစ္စည်းဖြစ်ကြောင်း မယုံလျှင် သို့မဟုတ် ပစ္စည်းပိုင်ရှင် အစစ်ကို ရှာမတွေ့နိုင်ကြောင်း သဘောရိုးနှင့်ယုံလျှင် လုံလောက်သည်။
ဥပမာများ
(က) A သည် မည်သူပိုင်ဖြစ်ကြောင်း မသိသော ငွေတစ်ကျပ်ကို လမ်းပေါ်တွင် တွေ့၍ ကောက်ယူ၏။ A သည် ဤပုဒ်မတွင် ဖော်ပြထားသော ပြစ်မှုကို ကျူးလွန်ရာမရောက်။
(ခ) A သည် ဘဏ်ငွေလက်မှတ်ပါသော စာတစ်စောင်ကို လမ်းပေါ်၌ ကောက်ရ၏။ စာတွင် ပါသော လိပ်စာနှင့်စာသားများ၏ အထောက်အထားအရ A သည် ထိုဘဏ်ငွေလက်မှတ်ကို မည်သူပိုင်ဖြစ်ကြောင်း သိလျက်နှင့် သုံးစားလိုက်၏။ A သည် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်သည်။
(ဂ) A သည် ယူဆောင်လာသူအား ငွေပေးရန် ညွှန်ကြားချက်ပါသော ချက်လက်မှတ်တစ်စောင်ကို ကောက်ရ၏။ ထိုချက်လက်မှတ်သည် မည်သူလက်က ပျောက်ဆုံးကြောင်းကို A သည် မှန်းဆ၍ မသိနိုင်။ သို့ရာတွင် ထိုချက်လက်မှတ်ကို ထုတ်ပေးလိုက်သူ၏ အမည်သည် ချက်လက်မှတ်ပေါ်တွင် ပါရှိသဖြင့် ထိုချက် လက်မှတ်ထုတ်ပေးလိုက်သူက ထိုချက်လက်မှတ်ကို မည်သူအား ထုတ်ပေးလိုက်ကြောင်း ညွှန်ပြနိုင်သည်ကို သိ၏။ ထိုသို့သိပါလျက် A သည် ပိုင်ရှင်ကို အားထုတ်၍မရှာဘဲ ထိုချက်လက်မှတ်ကို သုံးစားလျှင် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်သည်။
(ဃ) A သည် ငွေပါသော ပိုက်ဆံအိတ်တစ်အိတ် Z မှ ကျရစ်သည်ကို မြင်၏။ ထိုပိုက်ဆံအိတ်ကို Z သို့ ပြန်ပေးရန် ကြံရွယ်ချက်နှင့် ကောက်ယူ၏။ သို့ရာတွင် နောင်အခါ၌ Z သို့ ပြန်မပေးဘဲ A သည် ထိုငွေကို မိမိအသုံးပြုမှုအတွက် သုံးစား၏။ A သည် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်သည်။
(င) A သည် ငွေပါသော ပိုက်ဆံအိတ်တစ်အိတ်ကို ကောက်ရ၏။ မူလက မည်သူပိုင်ကြောင်း မသိသော်လည်း နောင်အခါ Z ပိုင်ကြောင်းကို သိရ၏။ A သည် ထိုငွေကို မိမိအသုံးပြုမှုအတွက် သုံးစား၏။ A သည် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်သည်။
(စ) A သည် အဖိုးတန် လက်စွပ်တစ်ကွင်းကိုကောက်ရ၏။ ထိုလက်စွပ်ကို မည်သူပိုင်ကြောင်း A မသိ။ ထိုလက်စွပ်ပိုင်ရှင်ကို ရှာဖွေရန် အားထုတ်ခြင်းမပြုဘဲ လက်စွပ်ကို ချက်ချင်းရောင်းချလိုက်၏။ A သည် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်သည်။