ပုဒ်မ ၅၈
ပုဒ်မ ၅၈
လုပ်ကိုင်ခွင့်ပြုသည့် ဘဏ်လုပ်ငန်းများ

ချေးငွေအမျိုးမျိုးထုတ်ချေးခြင်းနှင့် သက်ဆိုင်သော သတ်မှတ်ချက်များ

(က) ဘဏ်သည် အောက်ပါတို့ကို ဆောင်ရွက်ထားရှိရမည်-

(၁) ချေးငွေထုတ်ချေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုခြင်းနှင့် ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုအား စီမံခန့်ခွဲခြင်းတို့နှင့် စပ်လျဉ်း၍ လုံလောက်သော ဌာနတွင်းမူဝါဒများ၊ ကျင့်သုံးသည့် နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊

(၂) ရရန်ပိုင်ခွင့်များ၏ အရည်အသွေးဆန်းစစ်အကဲဖြတ်ခြင်း၊ ချေးငွေဆုံးရှုံးမှုအတွက် လျာထားခြင်းနှင့် သီးသန့်ငွေ လုံလောက်စွာ ထားရှိခြင်းတို့နှင့် စပ်လျဉ်း၍ လုံလောက်သော မူဝါဒများ၊ ကျင့်စဉ်များနှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားရှိခြင်း။

(ခ) ဘဏ်၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိသည် ဘဏ်နှင့် ချေးငွေရယူသူတို့ ချုပ်ဆိုထားသည့် သဘောတူညီချက် တစ်ရပ်ရပ်နှင့် ချေးငွေရယူသူအပေါ် သတ်မှတ်ထားသည့် ချေးငွေ ကန့်သတ်ချက် အတွင်းမှသာ ငွေချေးခြင်း ပြုရမည်။

(ဂ) ဘဏ်သည် ဗဟိုဘဏ်သို့ အောက်ပါတို့ကို တင်ပြရမည်-

(၁) ချေးငွေပမာဏ တစ်ရပ်ရပ်ထုတ်ပေးရေးအတွက် ၎င်း၏မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များ၊

(၂) ချေးငွေခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ ဘဏ်၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိ များအတွက် ထားရှိသည့် ပမာဏကန့်သတ်ချက် သို့မဟုတ် စည်းကမ်းချက်များဆိုင်ရာ အစီရင်ခံစာ။

(ဃ) ဗဟိုဘဏ်သည် သက်ဆိုင်ရာဘဏ်က တင်ပြသည့် ချေးငွေမူဝါဒများ သို့မဟုတ် လုပ်ထုံးလုပ်နည်း များကို လိုအပ်ပါက ပြင်ဆင်နိုင်သည်။