လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်နစ်နာသော ကလေးသူငယ်များ၏ အခွင့်အရေးများကို အလေးဂရုပြုရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖြည့်ဆည်းပေးရေးတို့အတွက် သက်ဆိုင်ရာ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် လက်နက်ကိုင်အုပ်စုများသည်-
(က) နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း ကလေးသူငယ်အပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်းနှင့် ခေါင်းပုံဖြတ် ခြင်းမပြုစေရန် တားဆီးရေးနှင့် အကာအကွယ်ပေးရေးတို့အတွက် ဖြစ်နိုင်သော အစီအမံများကို ချမှတ် ဆောင်ရွက်ရမည်။
(ခ) လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်သော၊ လက်နက်ကိုင်ပဋိပက္ခကြောင့်ထိခိုက်နစ်နာ သော သို့မဟုတ် နေရပ်စွန့်ခွာရသော ကလေးသူငယ်များအားလုံးကို ဒုက္ခခံစားရသူများအဖြစ် သတ်မှတ်၍ ယင်းကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို အရေးကြီးကိစ္စအဖြစ် စီမံ ဆောင်ရွက်ရမည်။
(ဂ) နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်းရှိ အသက် ၁၈ နှစ် မပြည့်သေးသူများကို တာဝန် ထမ်းဆောင်ရန်အလို့ငှာ စုဆောင်းခြင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း အသုံးချခြင်းမပြုရန်နှင့် အဆိုပါ စုဆောင်းခံရသူများအား ပြန်လည်နုတ်ထွက်ခွင့်ပြုရန် အစီအမံများ ချမှတ်၍ ဆောင်ရွက်ရမည်။
(ဃ) လက်နက်ကိုင်ပဋိပက္ခနှင့်ဆက်စပ်၍ ကလေးသူငယ်များအပေါ် ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအား အရေးယူတရားစွဲဆိုတင်ပို့ရေးအတွက် ဆောင်ရွက်ရမည်။ အကယ်၍ ချိုးဖောက် သူများသည် တပ်မတော်သား စစ်မှုထမ်းများဖြစ်ပါက စစ်ဘက်တရားစီရင်ရေးအရ အရေးယူဆောင်ရွက် နိုင်ရန် လွှဲပြောင်းပေးရမည်။ ထိုသို့ လွှဲပြောင်းပေးပြီးနောက် စစ်ဘက်တရားရုံး၏ ဆုံးဖြတ်ချက်မိတ္တူကို တောင်းယူ၍ ချိုးဖောက်ခံရသော ကလေးသူငယ်၏ မိသားစုထံ ပေးပို့ရမည်။
(င) လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်သော ကလေးသူငယ်များအား သေဒဏ်၊ ထောင်ဒဏ် တစ်သက်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ် နှစ် ၂၀ ချမှတ်နိုင်သော ပြစ်မှုများ မှအပ အခြားပြစ်မှုတစ်ရပ်ရပ်ဖြင့် စွဲဆိုသည့် အမှုကို ရုပ်သိမ်း၍ ကလေးသူငယ်ကို လူမှုဝန်ထမ်းဦးစီး ဌာနသို့ လွှဲပြောင်းပေးပြီး သင်တန်းကျောင်း၊ ပရဟိတဂေဟာ သို့မဟုတ် ယာယီစောင့်ရှောက်ရေး ဂေဟာတွင် ပြုပြင်စောင့်ရှောက်မှု ခံယူစေရမည်။
(စ) ပဋိပက္ခ၏ ရလဒ်အဖြစ် နေရပ်စွန့်ခွာရသော ကလေးသူငယ်များနှင့် ဒုက္ခခံစားရသူကလေးသူငယ် များ၏ ဘဝရပ်တည်ရန်ခက်ခဲမှုကို ထည့်သွင်းစဉ်းစားပြီး အန္တရာယ်ကင်းရှင်းစွာ အခြေခံဝန်ဆောင်မှုများ ကို ရယူနိုင်စေရေးတို့အတွက် ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်ရမည်။
(ဆ) ဤအခန်းပါ ပြဋ္ဌာန်းချက်များကို ကလေးသူငယ်များ အပါအဝင် အရွယ်ရောက်ပြီးသူများအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်၍ လိုက်နာကြစေရန် သင့်လျော်သောနည်းလမ်းများဖြင့် သတင်းဖြန့်ချိ ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်။
(ဇ) စုဆောင်းခံရသော သို့မဟုတ် အသုံးပြုခံရသော ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ အတွင်း ထိခိုက်နစ်နာသော ကလေးသူငယ်များအား ယင်းတို့၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည် ကောင်းမွန်စေရန် ပြုစုကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်လည်းကောင်း၊ ပညာသင်ကြားရေး အတွက်လည်းကောင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနိုင်ရေးအတွက် လည်းကောင်း အစီအမံများချမှတ်ပြီး သင့်လျော်သော အကူအညီများပေးရမည်။