ပုဒ်မ ၁၃
ပုဒ်မ ၁၃
ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ဦးစီးဌာနသည်-

(က) နိုင်ငံတကာနှင့် ဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အပြည်ပြည်ဆိုင်ရာ ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းများနှင့် ဆက်သွယ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်သည်။

(ခ) နိုင်ငံတကာ သတ်မှတ်ချက်နှင့်အညီ ဆိုက်ဘာလုံခြုံရေး နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းစစ်ဆေးခြင်း သို့မဟုတ် ပြိုင်ပွဲများကျင်းပခြင်း ပြုလုပ်ပြီး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်သည်။

(ဂ) နိုင်ငံတော်အတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကဏ္ဍအလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်။

(ဃ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းလိုင်စင် စည်းကမ်းချက်များနှင့် ဒီဂျစ်တယ် ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင်စည်းကမ်းချက်များကို ဝန်ကြီးဌာန ၏ အတည်ပြုချက်ဖြင့် သတ်မှတ်ရမည်။

(င) ဤဥပဒေအရ ကောက်ခံရမည့် လိုင်စင်ကြေး၊ မှတ်ပုံတင်ကြေး၊ ဒဏ်ကြေး သို့မဟုတ် အခြား အခကြေးငွေများကို သတ်မှတ်ချက်နှင့်အညီ ကောက်ခံရမည်။

(စ) ဗဟိုကော်မတီက ချမှတ်ထားသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစီမံချက်များနှင့် လမ်းညွှန်ချက်များကို တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရမည်။