စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ငွေကြေးခဝါချမှုကို စုံစမ်းစစ်ဆေးရာတွင်-
(က) ငွေကြေးခဝါချမှုကျူးလွန်သည်ဟု ယုံကြည်ရန်အကြောင်းရှိသူကို အရေးယူနိုင်ရေးအတွက် သက်သေအထောက်အထားများရရှိရန် လိုအပ်သော စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်နိုင်သည်။
(ခ) သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း၊ ဥပဒေစိုးမိုးရေးအဖွဲ့အစည်း၊ ကြီးကြပ်ရေး အာဏာပိုင်၊ သတင်းပို့အဖွဲ့အစည်းနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ထံမှ လိုအပ်သော သတင်းအချက်အလက်များ ရယူနိုင်သည်။
(ဂ) အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်-
(၁) ငွေကြေး သို့မဟုတ် ပစ္စည်းကို စုံစမ်းဖော်ထုတ်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ထိန်းချုပ်ခြင်း သို့မဟုတ် ခံဝန်ဖြင့် ပြန်လည်ပေးအပ်ခြင်း၊
(၂) သက်သေခံပစ္စည်းအား ချိပ်ပိတ်ခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် စီမံခန့်ခွဲမှု သို့မဟုတ် ဆက်နွှယ် ပတ်သက်မှုမပြုလုပ်ရန် တားမြစ်ပိတ်ပင်ခြင်း၊
(၃) သတင်းပို့အဖွဲ့အစည်းထံမှ ငွေရေးကြေးရေးနှင့် စပ်ဆိုင်သောမှတ်တမ်းများကို တောင်းခံရယူခြင်း၊
(၄) နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရန်ရှိသည့် ပစ္စည်းများအား နိုင်ငံတော်ကထိန်းချုပ်ခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် ပြန်လည်ရယူခြင်းတို့ဆောင်ရွက်သည့်အခါတွင် ထိခိုက်ဟန့်တားမှု မဖြစ်စေရန် ကြိုတင်တားဆီးကာကွယ်မှုများ ဆောင်ရွက်ခြင်း၊
(၅) ပြစ်မှုကျူးလွန်ကြောင်း ယုံကြည်ရန်အကြောင်းရှိသူအား ဖမ်းဆီးခြင်း၊
(၆) စုံစမ်းစစ်ဆေးရေးဆောင်ရွက်ချက်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း။
(ဃ) ပုဒ်မခွဲ (ဂ) အရ သိမ်းဆည်းခဲ့သည့် ငွေကြေး သို့မဟုတ် ပစ္စည်းများကို သတ်မှတ်ထားသည့် အဖွဲ့ အစည်းက ထိန်းသိမ်းစောင့်ရှောက်ရမည့်အပြင် ပျက်စီးဆုံးရှုံးနိုင်ဖွယ်ရှိသည့် ပစ္စည်းများကို စုံစမ်း စစ်ဆေးမှုကာလအတွင်း တည်ဆဲဥပဒေနှင့်အညီ စီမံဆောင်ရွက်နိုင်သည်။
(င) သဘောရိုးဖြင့်ဆောင်ရွက်သည့် တတိယပုဂ္ဂိုလ်နှင့် အခြားကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများ၏ အခွင့်အရေးများကို ထိခိုက်နစ်နာစေခြင်းမရှိစေရန် ကျင့်သုံးဆောင်ရွက်ရမည်။