တည်ဆဲကိတ္တိမမွေးစားခြင်းမှတ်ပုံတင် အက်ဥပဒေအရ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင်ဖြစ်စေ၊ ဤအခန်းပါ ပြဋ္ဌာန်းချက်အရ မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိထံတွင်ဖြစ်စေ ကလေး သူငယ်မွေးစားစာချုပ်ကို မှတ်ပုံတင်၍ မွေးစားသည့် မွေးစားမိဘသည်-
(က) မွေးစားသည့် ကလေးသူငယ်နှင့်စပ်လျဉ်း၍ ပြုစုစောင့်ရှောက်မှုအခြေအနေနှင့် ထိုကလေး သူငယ်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိထံသို့ အစီရင်ခံရမည်။
(ခ) လူမှုဝန်ထမ်းဦးစီးဌာနက သတ်မှတ်သော တာဝန်နှင့်စည်းကမ်းချက်များကို လိုက်နာရမည်။
(ဂ) မွေးစားခံရသည့် ကလေးသူငယ်အား မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူတစ်ဦးဦးနှင့် ပူးပေါင်း၍သော်လည်းကောင်း ပြည်ပသို့ခိုးထုတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မ ဝန်ဆောင်မှုပေးစေခြင်း သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခြင်း မပြုလုပ်ရ။