ကလေးသူငယ်တရားရုံးသည်-
(က) ကလေးသူငယ်ကို သာမန်အားဖြင့် ထောင်ဒဏ်ချမှတ်ခြင်းမပြုရ။ ယင်းအား အခြားနည်းဖြင့်ပြုစု စောင့်ရှောက်ခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ မရှိမှသာ နောက်ဆုံးနည်းလမ်းအဖြစ် သဘောထားပြီး ထောင်ဒဏ်ချမှတ်ရမည်။
(ခ) တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ကလေးသူငယ်အား ပြစ်မှုထင်ရှားစီရင်သည့် အခါ သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ် ၂၀ မချမှတ်ရ။
(ဂ) ကလေးသူငယ် ကျူးလွန်သည့်ပြစ်မှုမှာ အောက်ပါ အချက်နှစ်ရပ်နှင့် အကျုံးဝင်သည်ဟု ကလေး သူငယ်တရားရုံးက ယုံကြည်မှသာထောင်ဒဏ် ချမှတ်ရမည်-
(၁) သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ် နှစ် ၂၀ ချမှတ်နိုင်သော ပြစ်မှုဖြစ်ခြင်း၊
(၂) အကျင့်စာရိတ္တလွန်ကဲစွာ ပျက်စီးနေသော သို့မဟုတ် မည်သည့်နည်းနှင့်မျှ ထိန်းသိမ်း၍ မရနိုင်သော ဆိုးသွမ်းနေသည့် ကလေးသူငယ်ဖြစ်ခြင်း။
(ဃ) ပုဒ်မခွဲ (ဂ) အရ ထောင်ဒဏ်ချမှတ်ရာတွင် ထိုကလေးသူငယ်မှာ အသက် ၁၆ နှစ် မပြည့်သေးပါက ချမှတ်သော ထောင်ဒဏ်သည် ခုနစ်နှစ်ထက်ပို၍လည်းကောင်း၊ အသက် ၁၆ နှစ် ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးပါက ချမှတ်သော ထောင်ဒဏ်သည် တစ်ဆယ်နှစ်ထက်ပို၍လည်းကောင်း မချမှတ်ရ။
(င) ငွေဒဏ်တပ်ရိုက်ရန်ရှိလျှင် အသက် ၁၄ နှစ်ပြည့်ပြီးဝင်ငွေရှိသည့် ကလေးသူငယ်ကို ငွေဒဏ် တပ်ရိုက်နိုင်သည်။ ငွေဒဏ်မဆောင်သည့် ထိုကလေးသူငယ်အား ထောင်ဒဏ်မချမှတ်ရ။ ထိုကလေး ငယ်က ငွေဒဏ်မဆောင်လျှင် ကလေးသူငယ်၏ မိဘကိုလည်းကောင်း၊ မိဘမရှိလျှင် အုပ်ထိန်းသူကို လည်းကောင်း ငွေဒဏ် တပ်ရိုက်ရမည်။