ပုဒ်မ ၇
ပုဒ်မ ၇
ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ဗဟိုအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မူဝါဒများ ချမှတ်ခြင်း၊ ယင်းမူဝါဒနှင့်အညီ ပြည်တွင်းရှိ သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း၊ အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ခ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်း၊

(ဂ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊

(ဃ) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုဆိုင်ရာအမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို အကဲဖြတ်ဆောင်ရွက်ခြင်း၊

(င) ဗာကျူရယ်အက်ဆက် ဆောင်ရွက်ချက်များနှင့် ဗာကျူရယ်အက်ဆက်ဆိုင်ရာ ဝန်ဆောင်မှုပေးသူများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းနှင့် ပရဟိတအဖွဲ့အစည်း သို့မဟုတ် အကျိုးအမြတ်မယူသောအဖွဲ့အစည်း (Non-Profit Organization- NPO) အပါအဝင် ကဏ္ဍအလိုက် ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွား ရေးကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ဆောင်ရွက်ခြင်းဆောင်ရွက်နိုင်ရန် အစီအမံများ ချမှတ်ခြင်း၊

(စ) ပုဒ်မခွဲ (ဃ) နှင့် ပုဒ်မခွဲ (င) တို့အရ ဆောင်ရွက်သည့် အကဲဖြတ်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ ဖော်ထုတ်အကဲဖြတ်မှု၏ နောက်ဆုံးရလဒ်များကို ထိန်းသိမ်းခြင်း၊ သင့်လျော်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း၊ ကြီးကြပ်ရေးအာဏာ ပိုင်နှင့် သတင်းပို့အဖွဲ့အစည်းအား ဖြန့်ဝေခြင်း၊

(ဆ) သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း၊ သတင်းပို့အဖွဲ့အစည်းအား အန္တရာယ်အခြေပြု ချဉ်းကပ်ခြင်းနည်းလမ်းများအသုံးပြုလျက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးစနစ်တစ်ရပ်လုံးကို ထိရောက်စွာဆောင်ရွက်ရန် လမ်းညွှန်ခြင်း၊

(ဇ) ငွေကြေးခဝါချရန်အလို့ငှာ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ သတ်မှတ်ထားသည့် ငွေရေး ကြေးရေးအဖွဲ့ အစည်းမဟုတ်သော အခြားစီးပွားရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းမပြုနိုင်စေရန် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်းများအား လမ်းညွှန်ခြင်းနှင့် စိစစ်ခြင်း၊

(ဈ) ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် သတင်းပို့အဖွဲ့အစည်း၊ ဥပဒေရေးရာ၊ တရားစီရင်ရေးရာနှင့် တားဆီးနှိမ်နင်းရေးစသည့်ကဏ္ဍအသီးသီးမှ ပြည်သူ့ဝန်ထမ်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများအား ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊

(ည) အဖွဲ့ဝင်နိုင်ငံ၊ နိုင်ငံတကာနှင့်ဒေသတွင်းအဖွဲ့အစည်းများ၊ သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံများနှင့် သတင်းအချက်အလက်ဖလှယ်ရေး၊ ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေးခြင်းတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဋ) ကြီးကြပ်ရေးအာဏာပိုင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထုတ်ပြန်သတ်မှတ်ခြင်း၊

(ဌ) သတင်းပို့အဖွဲ့အစည်းအဖြစ် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းအား သတ်မှတ်တာဝန် ပေးခြင်း၊

(ဍ) ဤဥပဒေ၏ ရည်ရွယ်ချက်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊

(ဎ) သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း၏ သတင်းအချက်အလက်များအရဖြစ်စေ လွတ်လပ်သောသတင်းအရင်းအမြစ်များမှဖြစ်စေ ရရှိသည့်သတင်းအချက်အလက်များကို အခြေခံ၍ ဤဥပဒေအရ စုံစမ်းစစ်ဆေးနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးအပ်ခြင်း။