ကလေးသူငယ်တရားရုံးသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသော ကလေးသူငယ်အား အမိန့်ချမှတ်ခြင်းမပြုမီ အောက်ဖော်ပြပါအချက်များကို ထည့်သွင်းစဉ်းစားလျက် ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားများဖြစ်ထွန်းစေပြီး စာရိတ္တပြုပြင်ပြောင်းလဲစေနိုင်မည့် အမိန့်ကို ချမှတ်ရမည်-
(က) ကလေးသူငယ်၏ အသက်အရွယ်နှင့် အကျင့်စာရိတ္တ၊
(ခ) ကလေးသူငယ်၏ ပတ်ဝန်းကျင် အခြေအနေ၊
(ဂ) ပြစ်မှုကျူးလွန်ရသည့် အကြောင်းရင်း၊
(ဃ) ကလေးသူငယ်ကြီးကြပ်သူက တင်သွင်းသော အစီရင်ခံစာ၊
(င) ကလေးသူငယ်အား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ကလေးသူငယ်၏ လွတ်လပ်ခွင့်ကို ထိခိုက်စေခြင်း မရှိဘဲဖြစ်နိုင်ပါက အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကို ဦးစားပေးခြင်း၊
(စ) ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားများအတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်သော အခြားအချက်များ။