(က) ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများသည် သေဒဏ်ထိုက် သင့်သော ပြစ်မှုကိုကျူးလွန်ကြောင်းစွပ်စွဲခံရသော ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်တရားခံအတွက် တရားရုံးတွင် နိုင်ငံတော်စရိတ်ဖြင့် လိုက်ပါဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ရှေ့နေငှားရမ်း ပေးရမည်။
(ခ) ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း သို့မဟုတ် အကျဉ်းချမှတ်ခြင်းခံရသည့် ကလေးသူငယ်သည်လည်းကောင်း၊ ပြစ်မှုကျူးလွန်ခြင်းခံရခြင်း ကြောင့် နစ်နာသူကလေးသူငယ်သည်လည်းကောင်း၊ ထူးခြားသည့် အကြောင်းအရာတစ်ခုခုကြောင့် အကူအညီတောင်းခံလိုသည့် ပြစ်မှုနှင့်ဆိုင်သောသက်သေများသည်လည်းကောင်း ဥပဒေဆိုင်ရာ အထောက်အကူရရှိနိုင်ရန် မိမိတို့၏ကလေးသူငယ်မှုခင်းနှင့် သက်ဆိုင်သည့်ဒေသရှိ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အကူအညီတောင်းခံနိုင်သည်။
(ဂ) ကလေးသူငယ်တရားရုံးက ဤဥပဒေအရ ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ဥပဒေနှင့် အညီ အယူခံဝင်ရောက်ခွင့် သို့မဟုတ် ပြင်ဆင်မှုတင်သွင်းခွင့်ရှိစေရမည်။
(ဃ) ကလေးသူငယ်မှုခင်းနှင့်စပ်လျဉ်း၍ ကလေးသူငယ် တရားရုံးကဖြစ်စေ၊ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုကိုစီရင်သော တရားရုံးကဖြစ်စေ ချမှတ်သော စီရင်ချက်နှင့် အမိန့်မိတ္တူကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး သို့မဟုတ် ပြည်ထောင်စုနယ်မြေ လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံးသို့ ပေးပို့ရမည်။ အကယ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်ခြင်းဖြစ်ပါက ထိုသို့ချမှတ်သော စီရင်ချက်နှင့် အမိန့်မိတ္တူကို ဝန်ကြီးဌာနသို့ပေးပို့ရမည်။