ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှင့် အခြားသက်ဆိုင်သောဥပဒေများအရ တည်ထောင်ထားသော ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့ အစည်းများကိုဆိုသည်။ ယင်းစကားရပ်တွင် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူတစ်ဦးဦးအတွက်ဖြစ်စေ သို့မဟုတ် ၎င်း၏ကိုယ်စား အောက်ပါဆောင်ရွက်မှုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဆောင်ရွက်မှု များကိုဖြစ်စေ စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်သည့် ကူးသန်းရောင်းဝယ်ရေးဘဏ် သို့မဟုတ် ဖွံ့ဖြိုးရေးဘဏ်၊ ငွေစုငွေချေးအသင်း၊ ငွေရေးကြေးရေးကုမ္ပဏီ၊ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေး ကုမ္ပဏီ၊ နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ရေးကောင်တာ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းအဖွဲ့ အစည်း၊ အာမခံကုမ္ပဏီနှင့် အခြားအဖွဲ့အစည်းများလည်း ပါဝင်သည်-
(၁) ပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ဘဏ်လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ပြည်သူများထံမှ အပ်ငွေများနှင့် ပြန်လည်ပေးအပ်ရမည့် ရန်ပုံငွေများ လက်ခံခြင်း၊
(၂) ပစ္စည်းသိမ်းဆည်းခြင်းအပါအဝင် ကူးသန်းရောင်းဝယ်ရေး ဆောင်ရွက်ချက်များအတွက် ငွေကြေး ဖြည့်ဆည်းပေးခြင်း၊ စားသုံးသူချေးငွေ၊ အပေါင်ဖြင့်ချေးငွေများအပါအဝင် ငွေထုတ်ချေးခြင်း၊
(၃) စားသုံးသူဆိုင်ရာ ဆောင်ရွက်ချက်များနှင့်သက်ဆိုင်သည့် အစီအစဉ်များမှတစ်ပါး ငွေချေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာအခွင့်အရေးကို ငှားရမ်းခြင်း၊
(၄) ငွေကြေး သို့မဟုတ် တန်ဖိုးတစ်ရပ်ရပ်ကို လွှဲပြောင်းပေးခြင်း၊
(၅) အကြွေးဝယ်ကတ်နှင့် မြီစားကတ်များ၊ ခရီးသွားချက်လက်မှတ်၊ ငွေပေးအမိန့်များ၊ ဘဏ်ငွေလွှဲ လက်မှတ်၊ အီလက်ထရောနစ်နည်းလမ်းများဖြင့် ငွေပေးချေခြင်း၊ ထုတ်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(၆) ငွေရေးကြေးရေးဆိုင်ရာ အာမခံနှင့်ကတိစာချုပ်များ ထုတ်ဝေခြင်း၊
(၇) အောက်ပါငွေရေးကြေးရေး စာချုပ်စာတမ်းများ ရောင်းဝယ်ခြင်း-
(ကက) ချက်လက်မှတ်များ၊ ငွေပေးအမိန့်လက်မှတ်များ၊ အပ်ငွေလက်မှတ်များနှင့် ဆင့်ပွားစာချုပ်စာတမ်း များ၊ နိုင်ငံခြားသုံးငွေ၊ အတိုးနှုန်းနှင့် ဈေးနှုန်းညွှန်းကိန်းစာချုပ်စာတမ်းများ၊ လွှဲပြောင်းနိုင်သော ငွေချေး သက်သေခံလက်မှတ်များအပါအဝင် ငွေကြေးဈေးကွက် စာချုပ်စာတမ်းများအား ရောင်းဝယ်ခြင်း၊
(ခခ) ကုန်စည်များကို အနာဂတ်ကာလအတွက် မျှော်မှန်းရောင်းဝယ်ခြင်း။
(၈) ငွေချေးသက်သေခံလက်မှတ်များထုတ်ဝေရာတွင် ပါဝင်ခြင်းနှင့် အဆိုပါကိစ္စရပ်များတွင် ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးခြင်း၊
(၉) ရင်းနှီးမြှုပ်နှံမှုတစ်ခုချင်းကိုဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုအားလုံးကိုဖြစ်စေ စီမံခန့်ခွဲခြင်း၊
(၁၀) အာမခံသေတ္တာများ လက်ခံထိန်းသိမ်းခြင်းနှင့် အခြားပုဂ္ဂိုလ်များကိုယ်စား ငွေကြေး သို့မဟုတ် ငွေဖြစ်လွယ်သော ငွေချေးသက်သေခံလက်မှတ်များ စီမံခန့်ခွဲပေးခြင်း၊
(၁၁) အခြားပုဂ္ဂိုလ်များကိုယ်စား ငွေကြေး သို့မဟုတ် ဘဏ္ဍာရန်ပုံငွေများ စီမံခန့်ခွဲခြင်း သို့မဟုတ် စီမံအုပ်ချုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊
(၁၂) ကိုယ်စားလှယ်များနှင့် တစ်ဆင့်ကြားခံဆောင်ရွက်ပေးသူများက အာမခံလုပ်ငန်း ကြားခံဝန်ဆောင်မှု ပေးခြင်းအပါအဝင် အခြားရင်းနှီးမြှုပ်နှံမှုနှင့် ဆက်သွယ်နေသည့် အာမခံလုပ်ငန်း၊ အသက်နှင့် အထွေထွေ အာမခံလုပ်ငန်းဆောင်ရွက်ပေးခြင်း၊
(၁၃) ငွေကြေးနှင့်ငွေများ လဲလှယ်ဆောင်ရွက်ခြင်း။