ပုဒ်မ ၃ (ဓ)
ပုဒ်မ ၃ (ဓ)
ငွေကြေးခဝါချမှု

ငွေကြေးခဝါချမှု ဆိုသည်မှာ အောက်ပါပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်ကျူးလွန်ခြင်းကို ဆိုသည်-

(၁) ပြစ်မှုကျူးလွန်ရာမှရရှိသည့် အကျိုးအမြတ်ဖြစ်သည်ဟု သိလျက်နှင့်ဖြစ်စေ၊ သိရန်အကြောင်းရှိလျက် နှင့်ဖြစ်စေ ယင်းငွေကြေး သို့မဟုတ် ပစ္စည်း၏ဇာစ်မြစ်ကို အသွင်သဏ္ဌာန်ပြောင်းလဲရန် သို့မဟုတ် ဖုံးကွယ်ရန် သော်လည်းကောင်း၊ ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ရာတွင် ပါဝင်သူတစ်ဦး တစ်ယောက်အား ယင်း၏ပြစ်မှုကျူးလွန်ခြင်းနှင့်စပ်လျဉ်း၍ ဤဥပဒေအရအရေးယူခံရခြင်းမှ ရှောင်ရှား နိုင်ရေးအတွက် ပြစ်မှုမကျူးလွန်မီဖြစ်စေ၊ ပြစ်မှုကျူးလွန်ပြီးနောက်ဖြစ်စေ အကူအညီပေးရန်သော် လည်းကောင်း ရည်ရွယ်ချက်ဖြင့် ယင်းငွေကြေးနှင့်ပစ္စည်းကို အသွင်သဏ္ဌာန်ပြောင်းလဲခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊

(၂) ပြစ်မှုကျူးလွန်ရာမှရရှိသည့် အကျိုးအမြတ်ဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ သိရန် အကြောင်းရှိလျက် နှင့်ဖြစ်စေ ငွေကြေး၊ ပစ္စည်းများနှင့်စပ်လျဉ်း၍ မူလသဘာဝ၊ ဇာစ်မြစ်၊ တည်နေရာနှင့် ပင်ကိုစရိုက်လက္ခဏာ တို့ကို ပြောင်းလဲမှုသော်လည်းကောင်း၊ ယင်းငွေကြေးနှင့်ပစ္စည်းတို့ကို ပိုင်ဆိုင်မှု သို့မဟုတ် အခွင့်အရေး တို့အား ဖုံးကွယ်ခြင်း သို့မဟုတ် အသွင်သဏ္ဌာန်ပြောင်းလဲခြင်းသော်လည်းကောင်းပြုခြင်း၊

(၃) ပြစ်မှုကျူးလွန်ရာမှရရှိသည့် အကျိုးအမြတ်ဖြစ်ကြောင်း မိမိလက်ဝယ်လက်ခံရရှိသည့်အချိန်တွင် သိလျက်နှင့်ဖြစ်စေ၊ သိရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ ငွေကြေးနှင့်ပစ္စည်းကိုရယူခြင်း၊ လက်ဝယ်ထားခြင်း သို့မဟုတ် အသုံးပြုခြင်း၊

(၄) ပုဒ်မခွဲငယ် (၁) မှ ပုဒ်မခွဲငယ် (၃) အထိပါရှိသော ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း သို့မဟုတ် ကျူးလွန်ရန်အကြံဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ပြုလုပ်မှုဖြင့်သော်လည်းကောင်း၊ ပျက်ကွက်မှုဖြင့်သော်လည်းကောင်း ပူးပေါင်းပါဝင်ခြင်း၊ အကူအညီပေးခြင်း၊ ပံ့ပိုးခြင်း၊ အထောက်အပံ့ ပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ အကြံဉာဏ်ပေးခြင်း၊ ဂိုဏ်းအဖွဲ့ဝင်ဖြစ်ခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် ဆက်စပ် ပတ်သက်ခြင်းဆိုင်ရာပြစ်မှုတစ်ခုခုကျူးလွန်ခြင်း။