ပုဒ်မ ၈၄
ပုဒ်မ ၈၄
ကလေးသူငယ် တရားစီရင်ရေး

ကလေးသူငယ်တရားရုံးသည် ကလေးသူငယ်မှုခင်းများကို ကြားနာစစ်ဆေးရာတွင်-

(က) သီးခြားတရားရုံး သို့မဟုတ် သီးခြားအဆောက်အအုံတွင် ကြားနာစစ်ဆေးရမည်။ သီးခြားတရားရုံး သို့မဟုတ် သီးခြားအဆောက်အအုံမရှိပါက တရားရုံးပုံမှန်ဖွင့်လှစ်၍ ကြားနာစစ်ဆေးသည့်နေရာ မဟုတ်သော အဆောက်အအုံ သို့မဟုတ် အခန်းတွင် ပြုလုပ်ရမည်။

(ခ) မိဘများ၊ အုပ်ထိန်းသူများ၊ တရားရုံးဝန်ထမ်းများ၊ ဥပဒေအရာရှိများ၊ ယူနီဖောင်းဝတ်ဆင်ထားခြင်း မရှိသောတာဝန်ကျရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းနှင့်သက်ဆိုင်သူများနှင့် ကလေးသူငယ်တရားရုံးက ခွင့်ပြုချက် ပေးထားသောသူများမှအပ အခြားမည်သူမျှ ကြားနာစစ်ဆေးသောနေရာတွင် မရှိစေရ။

(ဂ) ကလေးသူငယ်အတွက် ခုခံကာကွယ်ရန် မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုး၊ မိတ်ဆွေ သို့မဟုတ် အခြား သင့်လျော်သူတစ်ဦးဦးအား ကလေးသူငယ်ကိုယ်စား စစ်မေးခြင်း၊ လျှောက်ထားခြင်းနှင့် လျှောက်လဲခြင်းတို့ ပြုနိုင်ရန် ခွင့်ပြုရမည်။

(ဃ) ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြစ်မှုကျူးလွန်ခြင်းခံရသူ ကလေးသူငယ်အတွက် တရားလိုဘက်မှ ဥပဒေအရာရှိက လိုက်ပါဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ဥပဒေရုံးသို့ အကြောင်းကြားရမည်။

(င) ကလေးသူငယ်နှင့် သက်သေများအတွက် လိုအပ်ပါက စကားပြန်ထားရှိနိုင်ရန် စီစဉ်ပေးရမည်။

(စ) ကလေးသူငယ် မှုခင်းကို ဆောလျင်စွာ ကြားနာစစ်ဆေးပေးရမည်။

(ဆ) သက်သေများ စစ်ဆေးခြင်း၊ လျှောက်လဲချက်ပေးခြင်းနှင့် စစ်ဆေးစီရင်ခြင်းပြုရာ၌ တရားခွင်ရှိ တရားသူကြီး၊ ဥပဒေအရာရှိ၊ လူမှုဝန်ထမ်းအရာရှိ၊ ရဲအရာရှိ၊ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်နှင့် သက်သေများ မြင်နိုင်ကြားနိုင်၊ မေးမြန်းနိုင်၊ ဖြေကြားနိုင်၊ မှတ်တမ်းတင်နိုင်သည့် ဗီဒီယိုရုပ်မြင်သံကြား မြင်ကွင်းစနစ်ဖြင့် ပြုလုပ်နိုင်သည်။