ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူသည် အောက်ပါတို့ကို လိုက်နာ ဆောင်ရွက်ရမည်-
(က) ဆောင်ရွက်မည့်လုပ်ငန်း သို့မဟုတ် ကဏ္ဍအလိုက် သက်ဆိုင်ရာဥပဒေများနှင့်အညီ လိုအပ်သော ခွင့်ပြုမိန့် သို့မဟုတ် အထောက်အထားရယူခြင်း၊
(ခ) ဦးစီးဌာနနှင့် ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှု အရေးပေါ်စောင့်ကြည့်တုံ့ပြန်ရေးအဖွဲ့များအား အထောက်အကူပြုနိုင်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှု အစီအမံများချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဂ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုအလားအလာကို သတိပေးခြင်းနှင့် ကြိုတင် ကာကွယ်ခြင်းဆိုင်ရာလုပ်ငန်းများကို အကြံပေးခြင်း၊
(ဃ) မောလ်ဝဲရ် (Malware) သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်ခြင်းကို အရေးပေါ်တုံ့ပြန်ရန် အစီအစဉ်နှင့် ဖြေရှင်းနည်းများ ရေးဆွဲထားရှိခြင်း၊
(င) မောလ်ဝဲရ် (Malware) သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်ခြင်းဖြစ်ပေါ်သည့်အခါ သင့်လျော်သော အရေးပေါ်တုံ့ပြန်ရန် အစီအစဉ်ကို ချက်ချင်းအကောင်အထည်ဖော်ခြင်း၊ တုံ့ပြန်ဖြေရှင်းခြင်းနှင့် အကျိုးသက်ဆိုင်သူအား အသိပေးခြင်း၊
(စ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာနှင့် လိုအပ်သော နိုင်ငံတကာစံနှုန်းများကို ကျင့်သုံးခြင်း၊
(ဆ) ဝန်ဆောင်မှုကို ရယူအသုံးပြုသူများ၏ သတင်းအချက်အလက်များ ပေါက်ကြားခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ခြင်း၊
(ဇ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ထူးခြားဖြစ်စဉ်ဖြစ်ပေါ်ပါက ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားခြင်း၊
(ဈ) လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာခြင်း၊
(ည) ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လုပ်ငန်းအစီရင်ခံစာကို သတ်မှတ်ချက်နှင့်အညီ ပြုစုပြီး ဦးစီးဌာနသို့ တင်ပြခြင်း။