က) ညွှန်ကြားရေးမှူးချုပ်သည် စီးပွားရေးအလို့ငှာ မွေးမြူခွင့်ပြုထားသော တောရိုင်း တိရစ္ဆာန်နှင့် စိုက်ပျိုးခွင့်ပြုထားသော သဘာဝအပင်ကိုဖြစ်စေ၊ ယင်းတို့၏အစိတ်အပိုင်းကို ဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်ပသို့ တင်ပို့ခွင့်ပြုရန် ထောက်ခံချက်ပေးနိုင်သည်။
(ခ) ညွှန်ကြားရေးမှူးချုပ်သည် နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်နှင့် အပင်များကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသောပစ္စည်းကိုဖြစ်စေ ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် ပြည်တွင်း သို့တင်သွင်းရန်၊ ပြည်ပသို့တင်ပို့ရန် သို့မဟုတ် ပြည်ပသို့ တစ်ဆင့်ခံတင်ပို့ရန် ထောက်ခံချက် ပေးနိုင်သည်။
(ဂ) ထောက်ခံချက် ရယူလိုသူသည် ပုဒ်မခွဲ (က) သို့မဟုတ် (ခ) အရထုတ်ပေးမည့် ထောက်ခံ ချက်အတွက် စစ်ဆေးခ၊ ပါမစ်ကြေး သို့မဟုတ် အခြားစရိတ်ကြေးငွေများကို သစ်တောဦးစီး ဌာနက သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည်။
(ဃ) ညွှန်ကြားရေးမှူးချုပ်က တာဝန်လွှဲအပ်ထားသော သစ်တောအရာရှိသည် အမဲလိုက်ခွင့်၊ စုဆောင်းခွင့်၊ စီးပွားရေးအလို့ငှာ မွေးမြူခွင့်၊ စိုက်ပျိုးခွင့် သို့မဟုတ် မျိုးပွားခွင့်ပြုထားသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်ကိုဖြစ်စေ၊ ယင်းတို့၏အစိတ်အပိုင်းကို ဖြစ်စေ၊ ယင်းတို့ ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသောပစ္စည်းကိုဖြစ်စေ မြို့နယ်ကျော်၍ သယ်ယူရွှေ့ပြောင်းခွင့် ပြုနိုင်သည်။
(င) နိုင်ငံတကာ ကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်နှင့် အပင်များကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကို ဖြစ်စေ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းနှင့် ပြည်ပသို့ တစ်ဆင့်ခံတင်ပို့ခြင်း တို့အတွက် ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးခွင့်ရှိသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ပုဒ်မခွဲ (ခ) အရ ထောက်ခံချက်ရရှိထားသူကိုသာ ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးရမည်။