ပုဒ်မ ၄၀၄
ပုဒ်မ ၄၀၄
သေစဉ်ကကျန်ရစ်ခဲ့သည့် သေသူလက်ရှိပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့်အလွဲ သုံးစားပြုမှု

သူတစ်ဦးဦး သေစဉ်က ကျန်ရစ်ခဲ့သော သေသူ၏ လက်ရှိပစ္စည်းဖြစ်ကြောင်း သိလျက်နှင့် လည်းကောင်း၊ ထိုပစ္စည်းသည် ဥပဒေနှင့်အညီ လက်ရှိဖြစ်ခွင့်ရှိသူ တစ်ဦး၏လက်သို့ မရောက်သေး ကြောင်း သိလျက်နှင့်လည်းကောင်း မည်သူမဆို ထိုပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစား ပြုလျှင် သို့မဟုတ် မိမိ၏ပစ္စည်းအဖြစ် ပြောင်းလဲလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ထိုပစ္စည်းရှင် သေဆုံးစဉ်အခါက ပြစ်မှုကျူးလွန်သူသည် သေသူ၏ စာရေးအဖြစ် သို့မဟုတ် အစေခံအဖြစ် စေခိုင်းခံရသူဖြစ်လျှင် ထိုသူကို ထောင်ဒဏ်ခုနစ်နှစ်ထိ တိုးမြှင့် ချမှတ်နိုင်သည်။

ဥပမာ

ပရိဘောဂနှင့် ငွေလက်ရှိဖြစ်သူ Z သေ၏။ ထိုငွေသည် လက်ရှိဖြစ်ပိုင်ခွင့်ရှိသူ တစ်ဦးဦး၏ လက်ဝယ်သို့ မရောက်မီ Z၏ အစေခံ A သည် မရိုးမဖြောင့်သောသဘောဖြင့် ထိုငွေကို အလွဲသုံးစားပြု၏။ A သည် ဤပုဒ်မ၌ ဖော်ပြထားသော ပြစ်မှုကို ကျူးလွန်သည်။

 

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ ပေးရမည်။       
  4. ကျေအေးခွင့် မရှိ
  5.  စက်ရှင် တရားရုံး သို့မဟုတ် မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။