ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သည် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ပိုင်ခွင့် ရှိသည်-
(က) သတင်းပို့အဖွဲ့အစည်းက လိုက်နာအသုံးပြုဆောင်ရွက်ရမည့် သတင်းပို့ချက်သတ်မှတ်ပုံစံများ၊ သတင်း ပို့ချက်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းပေးပို့ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့် သတင်းပို့ခြင်းဆိုင်ရာနည်းလမ်းများကို အခါအားလျော်စွာထုတ်ပြန်ခြင်း၊
(ခ) မိမိသဘောဆန္ဒအလျောက်ဖြစ်စေ၊ တောင်းဆိုချက်အရဖြစ်စေ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် သတင်းအချက်အလက်များဖလှယ်ခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဂ) ပုဒ်မခွဲ (ခ) အရ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်ဖလှယ်ရာတွင် တောင်းဆို စဉ်က အသုံးပြုမည့်ရည်ရွယ်ချက်အတိုင်း အသုံးပြုမည်ဖြစ်ကြောင်းနှင့် မိမိအဖွဲ့၏ သဘောတူညီချက်မရှိဘဲ အခြားသောရည်ရွယ်ချက်အတွက် အသုံးပြုမည်မဟုတ်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းထံမှ အထောက် အထားရယူထားရှိခြင်း၊
(ဃ) ပြည်ပမိတ်ဖက်အဖွဲ့အစည်းတစ်ရပ်ရပ်နှင့် ဤဥပဒေနှင့်အညီ သဘောတူညီချက် သို့မဟုတ် စီစဉ် ဆောင်ရွက်မှုများပြုလုပ်ခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊
(င) အခြားသောပြည်တွင်းအာဏာပိုင်များ သို့မဟုတ် ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် သတင်းအချက် အလက်ဖလှယ်ရန် လွတ်လပ်စွာစီစဉ်ဆောင်ရွက်ခြင်း သို့မဟုတ် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(စ) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု သို့မဟုတ်ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သည့် ပြစ်မှုများကျူးလွန်သည်ဟု သံသယရှိပါက မိမိ၏ခွဲခြမ်းစိတ်ဖြာစိစစ်ချက်ရလဒ် သို့မဟုတ် အခြားသော သက်ဆိုင်ရာသတင်းအချက်အလက်များကို တောင်းဆိုချက်အရဖြစ်စေ၊ မိမိသဘောဆန္ဒအရဖြစ်စေ ဥပဒေ စိုးမိုးရေးအဖွဲ့အစည်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ပြည်တွင်းနှင့်ပြည်ပ အစိုးရအဖွဲ့အစည်းများထံသို့ လုံခြုံစိတ်ချ ရပြီး ကာကွယ်မှုရှိသော သတ်မှတ်ထားသည့်လမ်းကြောင်းများကိုအသုံးပြု၍ ဖြန့်ဝေပေးပို့ခြင်း၊
(ဆ) ကိုယ်ပိုင်ဆုံးဖြတ်ချက်အရဖြစ်စေ၊ အကူအညီတောင်းခံချက်အရဖြစ်စေ အဖွဲ့၏လုပ်ငန်းတာဝန်နှင့် သက်ဆိုင်မှုရှိသည့် မည်သည့်သတင်းအချက်အလက်ကိုမဆို အခြားအဖွဲ့အစည်းများထံမှ တောင်းခံခြင်းနှင့် ဖလှယ်ခြင်း၊ မိမိနှင့်အလားတူ လုပ်ငန်းတာဝန်ထမ်းဆောင်သည့် ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဇ) မိမိအဖွဲ့နှင့်အလားတူ လုပ်ငန်းတာဝန်များရှိပြီး လျှို့ဝှက်ချက်ထားရှိရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာရသည့်ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းကို ဆောင်ရွက်နိုင်ရန် အလို့ငှာ စီစဉ်ဆောင်ရွက်မှုများပြုလုပ်ခြင်း၊
(ဈ) လုပ်ငန်းတာဝန်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ စီမံခန့်ခွဲရေးအဖွဲ့အစည်းများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်း၏ သတင်းအချက်အလက် များကို ရယူအသုံးပြုခွင့်ရှိခြင်း၊
(ည) သတင်းပို့အဖွဲ့အစည်း၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေး သို့မဟုတ် ဥပဒေစိုးမိုးရေးအဖွဲ့အစည်း၊ အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းနှင့် အခြားသောအဖွဲ့အစည်းများက သို့မဟုတ် ၎င်းတို့၏ကိုယ်စားလှယ်များက စုဆောင်းထိန်းသိမ်းထားရှိသည့် သတင်းအချက်အလက်ကိုဖြစ်စေ၊ စီးပွားဖြစ်စုဆောင်းထားရှိသည့် သတင်းအချက်အလက်ကိုဖြစ်စေ တောင်းခံရယူသုံးစွဲခွင့်ရှိခြင်း၊
(ဋ) ဤဥပဒေအရလက်ခံရရှိသည့် သတင်းအချက်အလက်များအားအသုံးပြုမှု၊ ယင်းတို့အား ခွဲခြမ်းစိတ်ဖြာ စိစစ်မှု၊ ဖြန့်ဝေမှု၊ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများဖလှယ်မှုနှင့် ထိုကဲ့သို့သော သတင်းအချက်အလက်များကို ရယူအသုံးပြုမှုတို့အား စီမံခန့်ခွဲရန်နှင့် လုံခြုံမှုရှိစေရန် လုပ်ငန်းစနစ်နှင့် လုပ်ထုံးလုပ်နည်းများချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်း၊
(ဌ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် သတင်းဖလှယ်ခြင်း၊
(ဍ) တည်ဆဲဥပဒေတစ်ရပ်ရပ်က အပ်နှင်းသော ဆောင်ရွက်ပိုင်ခွင့်ရှိသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။