ပုဒ်မ ၄၄၅
ပုဒ်မ ၄၄၅
အိမ်ဖောက်ထွင်းမှု

မည်သူမဆို အိမ်ကျော်နင်းမှု ကျူးလွန်ရာ၌ အိမ်အတွင်းသို့ဖြစ်စေ၊ အိမ်၏ တစ်စိတ်တစ်ဒေသ တစ်နေရာသို့ဖြစ်စေ အောက်ဖော်ပြပါ နည်းခြောက်မျိုးအနက် တစ်နည်းနည်းဖြင့် ဝင်ရောက်ခြင်းပြုလျှင် သို့မဟုတ် ပြစ်မှုကျူးလွန်ရန်အလို့ငှာ အိမ်အတွင်းဖြစ်စေ၊ အိမ်၏ တစ်စိတ်တစ်ဒေသတစ်နေရာ၌ဖြစ်စေ ရောက်ရှိပြီး၍ သို့မဟုတ် အိမ်အတွင်း၌ဖြစ်စေ အိမ်၏တစ်စိတ်တစ်ဒေသတစ်နေရာ၌ဖြစ်စေ ပြစ်မှုကို ကျူးလွန်ပြီး၍ ထိုသူသည် အိမ်မှသော်လည်းကောင်း၊ အိမ်၏ တစ်စိတ်တစ်ဒေသတစ်နေရာမှသော်လည်း ကောင်း အောက်ပါနည်းခြောက်မျိုးအနက် တစ်နည်းနည်းဖြင့် ထွက်ခွာလျှင် ထိုသူသည် “အိမ် ဖောက်ထွင်းမှု” ကို ကျူးလွန်သည် မည်၏။

ပထမ။ အိမ်ကျော်နင်းမှုကို ကျူးလွန်ရန်အလို့ငှာ ထိုသူသည် မိမိကိုယ်တိုင်ကဖြစ်စေ၊ အိမ်ကျော်နင်းမှုကို အားပေးကူညီသူကဖြစ်စေ ပြုလုပ်ထားသည့် ထွက်ဝင်ပေါက်က ဝင်လျှင် သို့မဟုတ် ထွက်လျှင်။

ဒုတိယ။ မိမိကိုယ်တိုင်မှတစ်ပါး သို့မဟုတ် ပြစ်မှုကို အားပေးကူညီသူမှတစ်ပါး အခြားမည်သူမျှ ဝင်ထွက် ရန် ကြံရွယ်ခြင်းမရှိသော ထွက်ဝင်ပေါက်က ထိုသူဝင်လျှင် သို့မဟုတ် ထွက်လျှင် သို့မဟုတ် နံရံကိုဖြစ်စေ၊ အဆောက်အအုံကိုဖြစ်စေ တွယ်တက်၍သော်လည်းကောင်း၊ ကျော်တက်၍သော်လည်းကောင်း ဝင်ရောက်ခဲ့သည့် ထွက်ဝင်ပေါက်ကဝင်လျှင် သို့မဟုတ် ထွက်လျှင်။

တတိယ။ ထွက်ဝင်ပေါက်ဖွင့်ရန် နေထိုင်သူမကြံရွယ်သည့် နည်းတစ်ခုခုဖြင့် မိမိကိုယ်တိုင်ကဖြစ်စေ၊ အိမ်ကျော်နင်းမှုကို အားပေးကူညီသူကဖြစ်စေ အိမ်ကျော်နင်းမှုကို ကျူးလွန်ရန်အလို့ငှာ ဖွင့်ခဲ့သည့် ထွက်ဝင်ပေါက်က ထိုသူ ဝင်လျှင် သို့မဟုတ် ထွက်လျှင်။

စတုတ္ထ။ အိမ်ကျော်နင်းမှုကို ကျူးလွန်ရန်အလို့ငှာ သို့မဟုတ် အိမ်ကျော်နင်းမှုကို ကျူးလွန်ပြီးနောက် အိမ်မှထွက်ရန်အလို့ငှာ ထိုသူသည် သော့ခလောက်ကို ဖွင့်၍ ဝင်လျှင် သို့မဟုတ် ထွက်လျှင်။

ပဉ္စမ။ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို ပြုခြင်းဖြင့်သော်လည်းကောင်း၊ လက်ရောက်မှု ကျူးလွန်ခြင်းဖြင့်သော်လည်းကောင်း၊ လက်ရောက်မှုပြုမည်ဟု သူတစ်ဦးဦးအား ခြိမ်းခြောက်ခြင်းဖြင့် သော်လည်းကောင်း ထိုသူသည် ဝင်လျှင် သို့မဟုတ် ထွက်လျှင်။

ဆဋ္ဌမ။ မဝင်မထွက်နိုင်အောင် ပိတ်ထားကြောင်းကို သိလျက်နှင့် ထွက်ဝင်ပေါက်ကို မိမိကိုယ်တိုင် ဖွင့်၍ဖြစ်စေ၊ အိမ်ကျော်နင်းမှုကို အားပေးကူညီသူက ဖွင့်၍ဖြစ်စေ ဝင်လျှင် သို့မဟုတ် ထွက်လျှင်။

ရှင်းလင်းချက်။ အိမ်မသို့ အတွင်းလမ်းဖြင့် ဆက်သွယ်ထားသော အရံအိမ်သည် သို့မဟုတ် အဖီဆောင် သည် ဤပုဒ်မ၏ အဓိပ္ပာယ်အရ အိမ်မ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

ဥပမာများ

(က) A သည် Z ၏ အိမ်နံရံတွင် အပေါက်တစ်ပေါက်ကို ဖောက်ထွင်း၍ ထိုအပေါက်မှ မိမိ၏ လက်ကိုသွင်းဖြင်းဖြင့် အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် အိမ်ဖောက်ထွင်းမှုကို ကျူးလွန်သည် မည်၏။

(ခ) A သည် သင်္ဘောကုန်းပတ်နှစ်ခုအကြားရှိ လေသာပေါက်က တွား၍ဝင်ခြင်းဖြင့် အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် အိမ်ဖောက်ထွင်းမှုကို ကျူးလွန်သည် မည်၏။

(ဂ) A သည် Z ၏ အိမ်အတွင်းသို့ ပြတင်း​ပေါက်ကဝင်ခြင်းဖြင့် အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် အိမ်ဖောက်ထွင်းမှုကို ကျူးလွန်သည် မည်၏။

(ဃ) A သည် မဝင်မထွက်နိုင်အောင် ပိတ်ထားသော တံခါးကို ဖွင့်ပြီးလျှင် Z ၏ အိမ်အတွင်းသို့ ထိုတံခါး ပေါက်ကဝင်ခြင်းဖြင့် အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် အိမ်ဖောက်ထွင်းမှုကို ကျူးလွန်သည် မည်၏။

(င) A သည် Z အိမ်တံခါး၏ အပေါက်တစ်ပေါက်က နန်းကြိုးထိုးသွင်း၍ တံခါးမင်းတုပ်ကို မပြီးလျှင် ထိုတံခါးပေါက်မှ ဝင်ရောက်ခြင်းဖြင့် အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် အိမ်ဖောက်ထွင်းမှုကို ကျူးလွန် သည်မည်၏။

(စ) A သည် Z ပျောက်ဆုံးသော အိမ်တံခါးသော့ဖြင့် Z ၏ အိမ်တံခါးကို ဖွင့်ပြီးလျှင် Z ၏ အိမ်အတွင်းသို့ ဝင်ရောက်ခြင်းဖြင့် အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် အိမ်ဖောက်ထွင်းမှု ကို ကျူးလွန်သည် မည်၏။

(ဆ) Z သည် မိမိ၏ အိမ်တံခါးဝတွင် ရပ်နေ၏။ A က Z ကို လဲအောင်ပြု၍ အိမ်တွင်းသို့ အတင်း ဝင်ရောက်ခြင်းဖြင့် အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် အိမ်ဖောက်ထွင်းမှုကို ကျူးလွန်သည် မည်၏။

(ဇ) Y ၏ တံခါးစောင့် Z သည် Y ၏ အိမ်တံခါးဝတွင် ရပ်နေ၏။ A က Z ကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်၍ မိမိဝင်သည်ကို မတားဆီးနိုင်အောင် ပြုလုပ်ပြီးနောက် အိမ်တွင်းသို့ ဝင်ခြင်းဖြင့် အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် အိမ်ဖောက်ထွင်းမှုကို ကျူးလွန်သည် မည်၏။