သူတစ်ဦးဦး၏ လက်ရှိမှ ထိုသူသဘောမတူဘဲ မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းတစ်ခုခုကိုယူရန် ကြံရွယ်၍ ထိုသို့ယူရန်ကိစ္စအလို့ငှာ ထိုပစ္စည်းကိုရွေ့စေလျှင် ထိုသူသည် ခိုးမှုကျူးလွန်သည်မည်၏။
| ရှင်းလင်းချက် ၁။ | တစ်ခုခုသောအရာဝတ္ထုသည် မြေ၌စွဲကပ်နေသမျှကာလပတ်လုံး ရွှေ့ပြောင်းနိုင် သော ပစ္စည်းမဟုတ်သဖြင့် ခိုးမှုကျူးလွန်သော ပစ္စည်းမဟုတ်။ သို့ရာတွင် ထိုအရာဝတ္ထုသည် မြေမှကွာလျှင်ကွာခြင်း ခိုးမှုကျူးလွန်နိုင်သောပစ္စည်း ဖြစ်လာ နိုင်သည်။ |
| ရှင်းလင်းချက် ၂။ | မြေမှကွဲကွာအောင် ပြုလုပ်မှုဖြင့် ရွေ့စေခြင်းသည် ခိုးမှုဖြစ်နိုင်သည်။ |
| ရှင်းလင်းချက် ၃။ | သူတစ်ဦးသည် အရာဝတ္ထုတစ်ခုမရွေ့အောင် တားဆီးပိတ်ဆို့ထားသောအရာကို ရွှေ့ပြောင်းလျှင် သို့မဟုတ် အရာဝတ္ထုတစ်ခုကို အခြားအရာဝတ္ထု တစ်ခုမှခွာလျှင် သို့မဟုတ် တကယ်ရွေ့စေလျှင် ထိုအရာဝတ္ထုကို ရွေ့စေသည်မည်၏။ |
| ရှင်းလင်းချက် ၄။ | သူတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်ကို တစ်နည်းနည်းဖြင့်ရွေ့စေလျှင် ထိုသူသည် ထိုတိရစ္ဆာန်ကို ရွေ့စေသည်မည်၏။ ထို့ပြင် ထိုတိရစ္ဆာန်ကို ရွေ့စေခြင်းကြောင့် ရွေ့သွားသည့် အရာဝတ္ထုတစ်ခုခုကိုလည်း ထိုသူပင်ရွေ့စေသည်မည်၏။ |
| ရှင်းလင်းချက် ၅။ | အဓိပ္ပာယ်ဖော်ပြချက်တွင် သဘောတူချက်ဆိုသည်မှာ အတိအလင်း သော်လည်းကောင်း၊ သဘောသက်ရောက်ခြင်းဖြင့် သော်လည်းကောင်း ဖြစ်နိုင်သည့် ပြင် ထိုသဘောတူချက်ကို လက်ရှိဖြစ်သူကဖြစ်စေ၊ ထိုကိစ္စအလို့ငှာ အတိအလင်းသော် လည်းကောင်း၊ သဘောသက်ရောက်ခြင်းဖြင့်သော်လည်းကောင်း အခွင့်အာဏာ ရှိသူကဖြစ်စေ ပေးနိုင်သည်။ |
ဥပမာများ
(က) A သည် မရိုးမဖြောင့်သော သဘောနှင့် Z ၏ လက်ရှိသစ်ပင်ကို Z သဘောမတူဘဲ ယူရန်အကြံဖြင့် Z ၏ မြေပေါ်မှ သစ်ပင်တစ်ပင်ကို ခုတ်လှဲ၏။ ဤတွင် A သည် ထိုသို့ယူရန်အလို့ငှာ သစ်ပင်ကို ဖြတ်ပစ်သည်နှင့် တစ်ပြိုင်နက် A သည် ခိုးမှုကို ကျူးလွန်၏။
(ခ) A သည် ခွေးစာကို မိမိအိတ်တွင်ထည့်၍ Z ၏ ခွေးကို ထိုအစာနောက်သို့ လိုက်စေရန် သွေးဆောင်၏။ ဤတွင် A ၏ ကြံရွယ်ချက်သည် Z သဘောမတူဘဲ Z ၏ လက်မှ မရိုးမဖြောင့် သောသဘောနှင့် ခွေးကိုယူရန် ကြံရွယ်လျှင် Z ၏ ခွေးသည် A နောက်သို့ လိုက်စပြုသည်နှင့် တစ်ပြိုင်နက် A သည် ခိုးမှုကို ကျူးလွန်၏။
(ဂ) A သည် အဖိုးတန် ဘဏ္ဍာသေတ္တာ သယ်ယူလာသော နွားတစ်ကောင်ကိုတွေ့၏။ မရိုးမဖြောင့်သော သဘောနှင့် အဖိုးတန်ဘဏ္ဍာကိုယူရန် အလို့ငှာ A သည် နွားကို တစ်ဖက်သို့ မောင်းနှင်လိုက်၏။ နွားသည်ရွေ့စ ပြုသည်နှင့်တစ်ပြိုင်နက် A သည် အဖိုးတန်ဘဏ္ဍာခိုးမှုကို ကျူးလွန်၏။
(ဃ) A သည် Z ၏ အစေခံဖြစ်၍ Z က A ထိန်းသိမ်းထားရန် မိမိ၏ပန်းကန် ခွက်ယောက်များကို အပ်နှံထား၏။ Z ၏ သဘောမတူဘဲ မရိုးမဖြောင့်သောသဘောနှင့် ပန်းကန်ခွက်ယောက်များနှင့်တကွ A ထွက်ပြေး၏။ A သည် ခိုးမှုကို ကျူးလွန်၏။
(င) Z သည် ခရီးသွားရန်ရှိ၍ မိမိပြန်ရောက်သည့်တိုင်အောင် ထိန်းသိမ်းထားစေရန် ပန်းကန်ခွက်ယောက် များကို ကုန်ရုံမှူး A ထံ၌ အပ်နှံထား၏။ A သည် ထိုပန်းကန် ခွက်ယောက်များကို ပန်းထိမ်သည်ထံသို့ ယူသွား၍ရောင်း၏။ ဤတွင်ထိုပန်းကန် ခွက်ယောက်များသည် Z ၏ လက်၌မရှိချေ။ ထို့ကြောင့် Z လက်ဝယ်မှ ပန်းကန်ခွက်ယောက်များကို ယူသည်ဟု မဖြစ်နိုင်၍ A သည် ရာဇဝတ်မကင်းသော ယုံကြည် အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်ရာရောက်ချင်လျှင် ရောက်နိုင်သော်လည်း ခိုးမှုကို မကျူးလွန်။
(စ) A သည် Z နေထိုင်သော အိမ်ရှိစားပွဲပေါ်တွင် Z ပိုင်လက်စွပ် တစ်ကွင်းကိုတွေ့၏။ ဤတွင် လက်စွပ်သည် Z ၏ လက်ရှိပစ္စည်းဖြစ်၏။ A သည် မရိုးမဖြောင့်သောသဘောနှင့် ထိုလက်စွပ်ကို ရွှေ့ပြောင်းလျှင် ခိုးမှုကို ကျူးလွန်၏။
(ဆ) A သည် သူတစ်ဦးဦး၏ လက်ရှိမဟုတ်သော လက်စွပ်တစ်ကွင်းကို လမ်းမပေါ်တွင် တွေ့၏။ A သည် ထိုလက်စွပ်ကို ရယူခြင်းအားဖြင့် ရာဇဝတ်မကင်းသော အလွဲသုံးစားမှုကို ကျူးလွန်ရာရောက်နိုင် သော်လည်း ခိုးမှုကို မကျူးလွန်။
(ဇ) A သည် Z ၏ အိမ်ရှိ စားပွဲပေါ်တွင် Z ပိုင် လက်စွပ်တစ်ကွင်းကို တွေ့၏။ ရှာဖွေသဖြင့် အမှုပေါ်မည်ကို ကြောက်ရွံ့၍ မိမိလက်တွင်း၌ ချက်ချင်း ယူမထားဝံ့သောကြောင့် Z မေ့လောက်မှ ထိုလက်စွပ်ကို ဝှက်ထားသောနေရာမှ ယူ၍ရောင်းချရန် အကြံနှင့် Z မတွေ့ နိုင်လောက်သော နေရာ၌ A သည် ထိုလက်စွပ်ကို ဝှက်ထား၏။ ဤတွင် A သည် ထိုလက်စွပ်ကို မူလက ရွေ့စေသောအချိန်မှစ၍ ခိုးမှုကို ကျူးလွန်၏။
(ဈ) A သည် မိမိ၏နာရီကို ပြင်ပေးစေရန် ရွှေကုန်သည် Z သို့ပေးအပ်၏။ Z သည် ထိုနာရီကို မိမိဆိုင်သို့ ယူသွား၏။ နာရီကို Z က ကြွေးအတွက် အာမခံအနေဖြင့် ဥပဒေနှင့်အညီထိန်းသိမ်းထားနိုင်အောင် A က Z သို့ ကြွေးဆပ်ရန်မရှိ၊ A သည် Z ၏ ဆိုင်ထဲသို့ ပြောင်ဝင်ကာ Z ၏ လက်မှထိုနာရီကို အနိုင်အထက် ယူသွားရာတွင် A သည် ရာဇဝတ်မကင်းသော ကျော်နင်းမှုနှင့်လက်ရောက်မှုကို ကျူးလွန်ရာရောက်ချင် လျှင် ရောက်နိုင်သော်လည်း မရိုးမဖြောင့်သောသဘောနှင့် ပြုခြင်းမဟုတ်သဖြင့် ခိုးမှုကိုမကျူးလွန်။
(ည) Z က A အပေါ်တွင် နာရီပြင်ခငွေ ရရန်ရှိ၍ နာရီကို ထိုပြင်ခငွေအတွက် အာမခံ အနေဖြင့် ဥပဒေနှင့်အညီ ဆက်လက်ထားရှိ၏။ အကယ်၍ Z လက်မှ နာရီပြင်ခအတွက် အာမခံဖြစ်သော ပစ္စည်းလက်လွတ်စေရန် ကြံရွယ်ချက်ဖြင့် A သည် Z ၏ လက်ရှိမှ ထိုနာရီကိုယူလျှင် A သည် မရိုးမဖြောင့်သောသဘောနှင့် ရယူခြင်းဖြစ်သောကြောင့် ခိုးမှုကို ကျူးလွန်၏။
(ဋ) A သည် Z ထံတွင် မိမိ၏နာရီကို ပေါင်၏။ အပေါင်ငွေ မပေးဆပ်သေးမီ Z က သဘော မတူဘဲ A သည် Z ၏ လက်ရှိမှ နာရီကို ရယူ၏။ မိမိပိုင် နာရီပင်ဖြစ်သော်လည်း A သည် မရိုးမဖြောင့်သောသဘောဖြင့် ရယူခြင်းဖြစ်သောကြောင့် ခိုးမှုကို ကျူးလွန်၏။
(ဌ) ပစ္စည်းရှင်သို့ ပစ္စည်းပြန်ပေးသည့်အတွက် ပစ္စည်းရှင်ထံမှ ဆုငွေကို ရရှိသည့်တိုင်အောင် ပစ္စည်း တစ်ခုခုကို မိမိ၏လက်၌ ထားရန်အကြံနှင့် A သည် Z ၏ လက်ဝယ်မှ Z သဘောမတူဘဲ Z ပိုင် ပစ္စည်းတစ်ခုကို ရယူ၏။ ဤတွင် A သည် မရိုးမဖြောင့်သောသဘောနှင့် ရယူခြင်းဖြစ်သောကြောင့် ခိုးမှုကို ကျူးလွန်၏။
(ဍ) A သည် Z ၏ မိတ်ဆွေဖြစ်သည့်အလျောက် Z မရှိခိုက် Z ၏ စာကြည့်တိုက်သို့ သွား၍ Z ၏ အတိအလင်း သဘောတူချက်မရရှိဘဲ ဖတ်ပြီးပြန်ပေးရန် ကြံရွယ်ချက်ဖြင့် စာအုပ်တစ်အုပ်ကို ဖတ်ဖို့ အတွက်သာ ယူသွား၏။ ဤတွင် Z ၏ စာအုပ်ကို အသုံးပြုရန် A သည် Z ၏ သဘောတူချက်ရကြောင်း သက်ရောက်သည်ဟု ထင်မှတ်နိုင်လောက်သည်။ ဤသို့ ထင်မှတ်နိုင်လောက်လျှင် A သည် ခိုးမှုကို မကျူးလွန်။
(ဎ) A သည် Z ၏ မယားထံမှ အလှူခံ၏။ Z ၏ မယားက Z ပိုင် ငွေကြေး၊ အစားအစာနှင့် အဝတ်များကို A သို့လှူလိုက်၏။ ထိုပစ္စည်းများသည် လင်ဖြစ်သူ Z ပိုင် ပစ္စည်းများဖြစ်ကြောင်းကို A သိသော်လည်း Z ၏ မယား၌ ပေးလှူပိုင်ခွင့်ရှိသည်ဟု A ထင်မှတ်လောက်သည်။ ဤသို့ ထင်မှတ်နိုင်လောက်လျှင် A သည် ခိုးမှုကို မကျူးလွန်။
(ဏ) A သည် Z မယား၏ လင်မြှောင်ဖြစ်၏။ Z ၏ မယားသည် A အား အဖိုးတန်ပစ္စည်းကို ပေး၏။ ထိုပစ္စည်းသည် Z ပိုင်ဖြစ်ကြောင်းကိုလည်းကောင်း၊ Z ၏မယားသည် ပေးကမ်းပိုင်ခွင့်ကို Z ထံမှ မရရှိကြောင်းကိုလည်းကောင်း A သိ၏။ A သည် မရိုးမဖြောင့်သောသဘောနှင့် ထိုပစ္စည်းကို ရယူလျှင် ခိုးမှုကို ကျူးလွန်၏။
(တ) A သည် သဘောရိုးဖြင့် Z ပိုင်ပစ္စည်းကို မိမိပိုင်ပစ္စည်းဟု ယုံကြည်၍ ထိုပစ္စည်းကို B ၏ လက်ရှိမှ ရယူ၏။ ဤတွင် A သည် မရိုးမဖြောင့်သောသဘောနှင့် ရယူခြင်း မဟုတ်သောကြောင့် ခိုးမှုကို မကျူးလွန်။