ဗဟိုကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) နိုင်ငံတော်တွင် ကောင်းမွန်လုံခြုံသော အမျိုးသားဆိုက်ဘာနယ်ပယ် ပေါ်ထွန်းရေးအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ သို့မဟုတ် လုပ်ငန်းစီမံချက်များ ချမှတ်ခြင်း၊
(ခ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ သို့မဟုတ် လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများနှင့် ယှဉ်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရန် လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
(ဂ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်း၊
(ဃ) ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာမှုခင်း တားဆီးကာကွယ်ရေးတို့အတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်း၊
(င) ဆိုက်ဘာလုံခြုံရေး၊ ဆိုက်ဘာမှုခင်း တားဆီးကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး အား အထောက်အကူဖြစ်စေရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ပေးခြင်းနှင့် လမ်းညွှန်မှုပေးခြင်း၊
(စ) အရေးကြီး သတင်းအချက်အလက် အခြေခံအဆောက်အအုံများ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆိုက်ဘာလုံခြုံရေးစီမံချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်မှု ပေးခြင်း၊
(ဆ) အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း အများပြည်သူက ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အအုံ၏ သတင်းအချက်အလက်သိမ်းဆည်းမှုကို သတ်မှတ်ခြင်း၊
(ဇ) အမျိုးသားဒီဂျစ်တယ်ဓာတ်ခွဲခန်းနှင့် ဒီဂျစ်တယ်ဓာတ်ခွဲခန်းများကို သတ်မှတ်ချက်နှင့်အညီ တည်ထောင်ခွင့်ပြုခြင်း၊
(ဈ) အွန်လိုင်းငွေကြေးဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ လိုအပ်ပါက မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းကို လမ်းညွှန်မှု ပေးခြင်း၊
(ည) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာပေးအပ်သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။