ပုဒ်မ ၉၄
ပုဒ်မ ၉၄
အကျဉ်းထောင်များတွင် ကလေးသူငယ်များကို ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်ခြင်း

အကျဉ်းထောင်တာဝန်ခံအရာရှိသည်-

(က) ကိုယ်ဝန်ဆောင် အမျိုးသမီးအကျဉ်းသားအား ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ အကျဉ်းထောင် ပြင်ပဆေးရုံ တစ်ခုခုတွင်သာ မီးဖွားနိုင်ရေး၊ မိခင်နှင့် ကလေးပြုစုစောင့်ရှောက်ရေးတို့အတွက် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးရမည်။ အကယ်၍ အကျဉ်းထောင်အတွင်း မွေးဖွားရသည်ဆိုပါက အကျဉ်းထောင်အတွင်း မွေးဖွားကြောင်းကို ကလေး၏မွေးစာရင်းတွင်ဖော်ပြခြင်း မပြုရ။

(ခ) မိခင်အကျဉ်းသား၏ ကလေးသူငယ်ကို အကျဉ်းထောင်ပြင်ပတွင် အုပ်ထိန်းမည့်သူ သို့မဟုတ် ပြုစု စောင့်ရှောက်မည့်သူမရှိလျှင်ဖြစ်စေ၊ အကျဉ်းထောင်တွင်ကလေးမွေးဖွားလျှင်ဖြစ်စေ မိခင်ကဆန္ဒရှိလျှင် ကလေးသူငယ် အသက် ၄ နှစ် ပြည့်သည်အထိ အကျဉ်းထောင်တွင်မိခင်နှင့်အတူ နေထိုင်ခွင့်ပြုရမည်။ အကယ်၍ထိုကလေးသူငယ်ကို မိခင်က ဆန္ဒရှိပါက အသက် ၆ နှစ်ပြည့်သည်အထိ အကျဉ်းထောင်တွင် မိခင်နှင့်အတူ ဆက်လက်နေထိုင်ခွင့်ပြုနိုင်သည်။

(ဂ) အကျဉ်းထောင်တွင် မိခင်အကျဉ်းသားနှင့် အတူနေထိုင်သော ကလေးသူငယ်အတွက် အစား အသောက်နှင့် စားဝတ်နေရေး၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတို့ ဖြည့်ဆည်းပေးရန် တာဝန်ယူရမည်။ ထို့အပြင် ရှေးဦးအရွယ်ကလေးသူငယ်များအတွက် နေ့ကလေးထိန်းဌာနနှင့် မူလတန်းကြိုကျောင်းများ ကို ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် အားကစားနှင့်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ရမည်။

(ဃ) မိခင်အကျဉ်းသားသည် အကျဉ်းထောင်တွင် ကွယ်လွန်သည့်အခါ အတူနေကလေးသူငယ်တစ်ဦးဦး ကျန်ရစ်ခဲ့လျှင်သော်လည်းကောင်း၊ မိခင်အကျဉ်းသားနှင့်အတူနေထိုင်သော ကလေးသူငယ်သည်အသက် ၆ နှစ်ပြည့်လျှင်သော်လည်းကောင်း၊ ကလေးသူငယ်ကို ပြုစုစောင့်ရှောက်ရန်နှင့် အုပ်ထိန်းရန်အတွက် အစီအစဉ်များ ပြုလုပ်ရန်အလို့ငှာလူမှုဝန်ထမ်းဦးစီးဌာနသို့ ဆောလျင်စွာ အကြောင်းကြားရမည်။

(င) ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းနေကလေးသူငယ်များ အကျဉ်းထောင်အတွင်း အတန်းပညာ ဆက်လက်သင်ယူနိုင်ရေးနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးရေးအတွက်လည်းကောင်း၊ အားကစားနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်နိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ရမည်။