ပုဒ်မ ၈၈
ပုဒ်မ ၈၈
ပြင်ပစာရင်းစစ်များ

(က) ဘဏ်အသီးသီးသည် ၎င်း၏ ငွေစာရင်းများကို စစ်ဆေးရန်အတွက် သင်းလုံးကျွတ် အထွေ ထွေအစည်းအဝေးကျင်းပ၍ သင့်လျော်သော ပြင်ပစာရင်းစစ်ခန့်အပ်ရန် တာဝန်ရှိသည်။

(ခ) ဘဏ်များသည် ၎င်းတို့၏ပြင်ပစာရင်းစစ်များကို ငါးနှစ်လျှင် အနည်းဆုံးတစ်ကြိမ် အစားထိုး ပြောင်းလဲခန့်အပ်တာဝန် ပေးရမည်ဖြစ်ပြီး ၎င်းစာရင်းစစ်ကို သုံးကြိမ်ဆက်တိုက်ထက်ပို၍ ခန့်ထားခြင်း မပြုရ။ သို့မဟုတ် ဗဟိုဘဏ်က သတ်မှတ်သည့် ကာလအတိုင်းဖြစ်သည်။

(ဂ) ဘဏ်အသီးသီးသည် ပြင်ပစာရင်းစစ်များကို ခန့်အပ်ပြီးနောက် ထိုစာရင်းစစ်များ၏ အမည်၊ လုပ်ငန်းတည်နေရာလိပ်စာ၊ အရည်အချင်းနှင့် အတွေ့အကြုံများကို ချက်ချင်းဗဟိုဘဏ်သို့ အကြောင်း ကြားရမည်။

(ဃ) ဘဏ်က ခန့်အပ်တာဝန်ပေးထားသည့် ပြင်ပစာရင်းစစ်မှာ ရာထူးတာဝန်နှင့် မသင့်လျော်ကြောင်း ဗဟိုဘဏ်မှ အကြောင်းပြချက်များဖြင့် အကြောင်းကြားစာပေးထားခြင်း မရှိပါက ထိုစာရင်းစစ်မှာ သင့် လျော်သည်ဟု မှတ်ယူရမည်။ ထိုသို့သော အကြောင်းကြားစာရရှိပါက ဘဏ်သည် ၎င်း၏ ပြင်ပစာရင်း စစ်ကို ချက်ချင်းအစားထိုး ခန့်အပ်ရမည်။

(င) သင့်မြတ်လျော်ကန်သူကိုသာလျှင် ဘဏ်၏ စာရင်းစစ်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ဘဏ် နှင့်ဆက်နွှယ်သူနှင့် ဝန်ထမ်းများကို ဘဏ်၏ ပြင်ပစာရင်းစစ်အဖြစ် မခန့်အပ်ရ။

(စ) ပြင်ပစာရင်းစစ်အဖြစ် ခန့်ထားခြင်းခံရသူသည် ၎င်းအား ခန့်အပ်တာဝန်ပေးပြီးနောက် ဘဏ်နှင့် သက်ဆိုင်သူ သို့မဟုတ် ဝန်ထမ်းဖြစ်ပါက ပြင်ပစာရင်းစစ်အဖြစ်မှ ချက်ချင်းတာဝန်မှ ရပ်စဲရမည်။

(ဆ) ပုဒ်မခွဲ (က)အရ ဘဏ်ကပြင်ပစာရင်းစစ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပျက်ကွက်ပါက ဗဟိုဘဏ်သည် အဆိုပါဘဏ် အတွက် ပုဒ်မ ၈၉ အရ သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ပြင်ပစာရင်းစစ်များကို ထိုဘဏ်၏ ကုန်ကျစရိတ်ဖြင့် ခန့်အပ်ပိုင်ခွင့်ရှိသည်။

(ဇ) ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (င)အရ ဘဏ်က ခန့်အပ်သည့် ပြင်ပစာရင်းစစ်သည် ၎င်း၏ တာဝန် ဆောင်ရွက်ရန် ဘဏ်၏စာအုပ်များ၊ ငွေစာရင်းများ၊ ဘောက်ချာများနှင့် စာတမ်းအမှတ်အသား အားလုံး ကိုလိုအပ်သည့်အချိန်တိုင်း ရယူစစ်ဆေးခွင့် ရှိသည်။ထို့ပြင် ပြင်ပစာရင်းစစ်သည် ဘဏ်၏ ဒါရိုက်တာ များနှင့် အရာရှိများထံမှ ၎င်း၏စာရင်းစစ်လုပ်ငန်း တာဝန်ထမ်းဆောင်ရာတွင် လိုအပ်သည်ဟု ထင်မြင် သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များကို တောင်းခံရယူ စစ်ဆေးပိုင်ခွင့်ရှိသည်။

(ဈ) ဗဟိုဘဏ်သည် ပြင်ပစာရင်းစစ်များအတွက် စံသတ်မှတ်ချက်များနှင့်အခြား သက်ဆိုင်သည့် ကိစ္စ ရပ်များအတွက် စည်းမျဉ်းကို ထုတ်ပြန်နိုင်သည်။