ပုဒ်မ ၇၅
ပုဒ်မ ၇၅
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း

မြို့နယ်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့များသည်-

(က) ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်နှင့်စပ်လျဉ်း၍ အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ဆောင်ရွက်ရန် သင့် မသင့် ပုဒ်မ ၇၁၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၇၂ တို့ပါ အချက်များကို ထည့်သွင်းစဉ်းစားပြီး ထိုလုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရန် ဦးစွာဆုံးဖြတ်ရမည်။

(ခ) ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်နှင့် ယင်း၏ မိဘ သို့မဟုတ် အုပ်ထိန်းသူကို လည်းကောင်း၊ ပြစ်မှုကျူးလွန်ခြင်းခံရသူကိုလည်းကောင်း၊ ပြစ်မှုကျူးလွန်ခြင်းခံရသူမှာ ကလေးသူငယ် ဖြစ်ပါက ယင်းနှင့် မိဘ သို့မဟုတ် အုပ်ထိန်းသူကိုလည်းကောင်း ဆင့်ဆိုပြီး နှစ်ဖက်သဘောတူညီချက် အရ အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ကို အောက်ပါနည်းလမ်းတစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ သင့်လျော်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ရန် ဆုံးဖြတ်နိုင်သည်-

(၁) ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်အား သတိပေးဆုံးမခြင်း၊

(၂) ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်ကဖြစ်စေ၊ ယင်း၏ မိဘ သို့မဟုတ် အုပ်ထိန်းသူကဖြစ်စေ၊ ၎င်းတို့နှစ်ဦးလုံးကဖြစ်စေ ပြစ်မှုကျူးလွန်ခြင်းခံရသူနှင့် ယင်း၏မိဘ သို့မဟုတ် အုပ်ထိန်းသူအား စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ဝန်ချတောင်းပန်စေခြင်း၊

(၃) ရပ်ရွာအကျိုးပြု လူမှုရေးအလုပ်တစ်ခုခုကို လုပ်ကိုင်စေခြင်း၊

(၄) ပြစ်မှုကျူးလွန်ခြင်းခံရသူအား ထိခိုက်နစ်နာမှု သို့မဟုတ် နောက်ဆက်တွဲ အကျိုးဆက်များအတွက် သင့်လျော်သည့် နစ်နာကြေး သို့မဟုတ် လျော်ကြေးပေးစေခြင်း၊

(၅) ထိခိုက်နစ်နာ ဆုံးရှုံးသော ပစ္စည်းကိုပြန်ပေးခြင်း၊ ထိုပစ္စည်းကို အစားထိုးပေးခြင်း သို့မဟုတ် ထိုပစ္စည်းအတွက် နစ်နာကြေးပေးစေခြင်း၊

(၆) ပြစ်မှုကျူးလွန်သူအား ရပ်မိရပ်ဖလူကြီး၏ ဆုံးမသွန်သင်မှုကို ခံယူစေခြင်းနှင့် ကျူးလွန်ခံရသူအား နှစ်သိမ့်ဆွေးနွေးစေခြင်း၊

(၇) ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားများအလို့ငှာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ လေ့ကျင့်သင်ကြားပေးနိုင်ရန် သင်တန်းကျောင်းများ၊ ပရဟိတဂေဟာများ သို့မဟုတ် ယာယီစောင့်ရှောက်ရေးဂေဟာများတွင် ပြုပြင်ထိန်းသိမ်းခြင်း၊

(၈) ကျွမ်းကျင်မှုနှင့် အခြားဖွံ့ဖြိုးမှု အစီအစဉ်တစ်ရပ်ရပ် ဆောင်ရွက်စေခြင်း၊

(၉) မူးယစ်ဆေးဝါး သို့မဟုတ် အရက်သေစာစွဲလမ်းမှုကုသနိုင်ရေးအတွက် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးစေခြင်း။

(ဂ) ပုဒ်မခွဲ (ခ) အရ ဆုံးဖြတ်သည့် အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ကို သတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

(ဃ) အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်ပါက မိမိမြို့နယ်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဝင်တစ်ဦးဦး ဦးဆောင်၍ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ခွဲကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်း၍ ဆောင်ရွက်စေရန် တာဝန်ပေးအပ်နိုင်သည်။