မည်သူမဆို သူတစ်ဦးဦးအား သို့မဟုတ် အခြားသူတစ်ဦးဦးအား နစ်နာစေမည်ဟုကြောက်ရွံ့အောင် တမင်ပြု၍ ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ အဖိုးတန်စာတမ်း အမှတ်အသား တစ်ခုခုကိုဖြစ်စေ၊ အဖိုးတန် စာတမ်းအမှတ်အသားအဖြစ်သို့ ပြောင်းလဲနိုင်သော လက်မှတ်ရေးထိုးထားသည့် သို့မဟုတ် တံဆိပ် ခတ်နှိပ်ထားသည့် အရာဝတ္ထုတစ်ခုခုကိုဖြစ်စေ သူတစ်ဦးဦးသို့ ပေးအပ်စေရန် ကြောက်ရွံ့အောင် တမင်ပြုခြင်းခံရသော အဆိုပါသူအားမရိုးမဖြောင့်သောသဘောနှင့် သွေးဆောင်လျှင် ထိုသို့ကြောက်ရွံ့ အောင်ပြု၍ သွေးဆောင်သူသည် “ခြောက်လှန့်တောင်းယူမှု”ကိုကျူးလွန်သည်မည်၏။
ဥပမာများ
(က) ငွေမပေးလျှင် Z ၏ အသရေပျက်စေမည့် စာကို ထုတ်ပြန်ကြေညာမည်ဟု A သည် Z ကို ခြိမ်းခြောက်၏။ ဤနည်းဖြင့် မိမိအားငွေပေးစေရန် A သည် Z ကို သွေးဆောင်၏။ ဤတွင် A သည် “ခြောက်လှန့်တောင်းယူမှု” ကို ကျူးလွန်၏။
(ခ) Z က A သို့ ငွေပေးရန်ရှိကြောင်း Z အား တာဝန်ထားသည့် ငွေပေးကတိစာချုပ် တစ်ခုကို Z က လက်မှတ်ရေးထိုး၍ A သို့မပေးလျှင် Z ၏ ကလေးကို မတရား ချုပ်နှောင်ထားမည်ဟု A က Z ကို ခြိမ်းခြောက်၏။ ထို့ကြောင့် Z သည် ငွေပေးကတိစာချုပ်ကို လက်မှတ်ရေးထိုး၍ A သို့ ပေးရ၏။ ဤတွင် A သည် “ခြောက်လှန့်တောင်းယူမှု” ကို ကျူးလွန်၏။
(ဂ) B အား ကောက်ပဲသီးနှံ မည်ရွေ့မည်မျှ ပေးပါမည်ဆိုသည့် ခံဝန်ချုပ်တစ်စောင်ကို Z က လက်မှတ်ရေးထိုး၍ B သို့မပေးအပ်လျှင် Z ၏ လယ်ယာကို ဖျက်ဆီးပစ်စေရန် တုတ်လက်နက် စွဲကိုင်သူတို့ကို စေလွှတ်မည်ဟု A က ခြိမ်းခြောက်၏။ ထိုသို့ ခြိမ်းခြောက်၍ ခံဝန်ချုပ်ကို Z က လက်မှတ်ရေးထိုး၍ B အား ပေးအပ်ရန် Z ကို သွေးဆောင်၏။ A သည် “ခြောက်လှန့်တောင်းယူမှု” ကို ကျူးလွန်၏။
(ဃ) A က Z အား အပြင်းအထန်နာကျင်စေမည်ဟု ကြောက်ရွံ့အောင်ပြု၍ စာရွက်လွတ် တစ်ရွက်တွင် လက်မှတ်ရေးထိုးစေပြီးလျှင် သို့မဟုတ် တံဆိပ်ခတ်နှိပ်စေပြီးလျှင် မိမိအား ပေးအပ်စေရန် Z ကို မရိုးမဖြောင့်သောသဘောနှင့် သွေးဆောင်၏။ ထိုသို့ သွေးဆောင်သဖြင့် Z က ထိုစာရွက်လွတ်ကို လက်မှတ်ရေးထိုး၍ A သို့ ပေးအပ်၏။ ဤတွင်ထိုသို့ လက်မှတ်ရေးထိုးလိုက်ရသည့် စာရွက်ကို အဖိုးတန်စာတမ်းအမှတ်အသား အဖြစ်သို့ ပြောင်းလဲချင်လျှင် ပြောင်းလဲနိုင်သည်ဖြစ်၍ A သည် “ခြောက်လှန့်တောင်းယူမှု” ကို ကျူးလွန်၏။