ပုဒ်မ ၆၁
ပုဒ်မ ၆၁
လုပ်ကိုင်ခွင့်ပြုသည့် ဘဏ်လုပ်ငန်းများ

(က) ဘဏ်တစ်ခုသည် အခြားကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုတွင် အောက်ပါအတိုင်း အစုရှယ် ယာရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း ပြုနိုင်သည်-

(၁) အခြားဘဏ်တစ်ခုတွင် အဆိုပါဘဏ်၏ မတည်ရင်းနှီးငွေ၏ ငါးရာခိုင်နှုန်းအထိ တန်ဖိုးရှိသော အစုရှယ်ယာ၊

(၂) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်း ဆောင်ရွက်သည့်လုပ်ငန်း သို့မဟုတ် ကုမ္ပဏီတစ်ခုခုတွင် အဆိုပါ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း မတည်ရင်းနှီးငွေ၏ငါးရာခိုင်နှုန်းအထိ တန်ဖိုးရှိသော အစုရှယ်ယာ။

(ခ) ပုဒ်မ ၆၀၊ ပုဒ်မခွဲ (ခ) ပါ ကန့်သတ်ချက်တွင် အောက်ပါတို့ အကျုံးမဝင်-

(၁) တာဝန်ခံ၍ရောင်းချခြင်း သို့မဟုတ် တစ်ဆင့်တာဝန်ခံ၍ရောင်းချခြင်း စာချုပ်တစ်ရပ်ရပ်အရ အလုပ် လုပ်ရက်ခုနစ်ရက်ထက် မပိုသောကာလအတွက် သို့မဟုတ် ဗဟိုဘဏ်က အတည်ပြုသည့် အခြားထပ် တိုးကာလတစ်ခုခုအတွက် ဘဏ်ကကုမ္ပဏီ သို့မဟုတ် လုပ်ငန်းတစ်ခုခု၏ ရှယ်ယာတစ်ရပ်ရပ်ကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်း၊

(၂) ဘဏ်၏ လက်အောက်ခံကုမ္ပဏီတစ်ခု၏ အစုရှယ်ယာ သို့မဟုတ် ဤဥပဒေအခန်း (၁၄)နှင့် (၁၅) တို့အရ အခြားဘဏ်တွင် ဗဟိုဘဏ်က အတည်ပြုပေးသည့် ရှယ်ယာကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်း၊

(၃) ဘဏ်တစ်ခုသို့ ပေးရန်စေ့ရောက်သည့် ကြွေးမြီတစ်ရပ်ရပ်အတွက် ပေးချေသည့်ရှယ်ယာအား လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်းတစ်ရပ်ရပ်ရှိပါက အဆိုပါရယူခြင်း၊ လက်ဝယ်ထားရှိခြင်းကို ဗဟိုဘဏ်သို့ စာဖြင့်အကြောင်းကြားရန် ဖြစ်ပြီး အဆိုပါရယူသည့်နေ့မှစ၍ နှစ်နှစ်အတွင်း ရောင်းချ ရမည်။

(ဂ) ဤပုဒ်မအရ အစုရှယ်ယာများကို ရယူသော သို့မဟုတ် လက်ဝယ်ထားရှိသော ဘဏ်တစ်ခုခုသည် သက်ဆိုင်ရာတို့က အချိန်မရွေး စစ်ဆေးနိုင်ရန် အဆိုပါရယူထားသော သို့မဟုတ် လက်ဝယ်ထားရှိသော ရှယ်ယာများကို သီးခြားမှတ်တမ်းဖြင့် ထိန်းသိမ်းရမည်။

(ဃ) ဤပုဒ်မအလို့ငှာ ဗဟိုဘဏ်သည် အောက်ပါတို့အတွက် စည်းမျဉ်းများဖြင့် သတ်မှတ်နိုင်သည်-

(၁) ဘဏ်က စီးပွားရေးလုပ်ငန်းတစ်ခုတွင် အစုရှယ်ယာပါဝင်ခြင်း၊ ရယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊

(၂)အဆိုပါဘဏ်တစ်ခုက ရယူထားသော၊ လက်ဝယ်ရှိသော စုစုပေါင်းအစုရှယ်ယာများ၏ တန်ဖိုးပမာ ဏ နှင့် ပုဂ္ဂိုလ်တစ်ဦးဦးထံမှရယူ ပိုင်ဆိုင်နိုင်သော သဘောသဘာဝနှင့် အများဆုံးတန် ဖိုး ပ မာဏ။

(င) ဤပုဒ်မ၏ ပြဋ္ဌာန်းချက်များကိုဖြစ်စေ၊ စည်းမျဉ်းများကိုဖြစ်စေ ဘဏ်တစ်ခုခုက ဖောက်ဖျက်လျှင် ဗဟိုဘဏ်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(၁) အဆိုပါ ဘဏ်အား ကုမ္ပဏီတစ်ခုတွင်ဖြစ်စေ ၊စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေ အစုရှယ်ယာများ ပမာဏတိုးမြှင့်မှုကို တားမြစ်ခြင်း၊

(၂) ဘဏ်အား ကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုလက်ဝယ်ရှိသည့် အစုရှယ်ယာများ ပမာဏကို သတ်မှတ်ထားသည့် အချိန်အတွင်းလျှော့ချရန် သို့မဟုတ် သတ်မှတ်ထားသည့် ကန့်သတ်ချက်ပမာဏ အထိ ထားရှိရန် ညွှန်ကြားခြင်း။