မည်သူမဆို ပစ္စည်းကို သို့မဟုတ် ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်ကို တစ်နည်းနည်းဖြင့် ယုံကြည်အပ်နှံခြင်း ခံရသည်တွင် ထိုပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုလျှင် သို့မဟုတ် မိမိပိုင်ပစ္စည်း အဖြစ် ပြောင်းလဲလျှင် သို့မဟုတ် ယုံကြည် အပ်နှံခြင်းခံရသည့်အတိုင်း ဆောင်ရွက်ရန်နည်းလမ်းကို ပြဋ္ဌာန်းသည့် ဥပဒေ ညွှန်ကြားချက်ကို ဖောက်ဖျက်ကျူးလွန်၍သော်လည်းကောင်း၊ ယုံကြည်အပ်နှံခြင်း ခံရသည့်အတိုင်း ဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ အတိအလင်းဖြစ်စေ၊ သဘောသက်ရောက်စေခြင်းဖြင့် ဖြစ်စေ မိမိချုပ်ဆိုသော ဥပဒေနှင့်ညီသည့် ပဋိညာဉ်ကို ဖောက်ဖျက်ကျူးလွန်၍သော်လည်းကောင်း၊ ထိုပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် သုံးစွဲခြင်းကို သို့မဟုတ် စီမံခန့်ခွဲခြင်းကိုပြုလျှင် သို့မဟုတ် အခြားသူက ထိုသို့ပြုသည်ကို တမင်ခွင့်ပြုလျှင် ထိုသူသည်ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်သည်မည်၏။
ဥပမာများ
(က) A သည် သေသူတစ်ဦး၏ အမွေပစ္စည်းကို ထိန်းသိမ်းစီမံခန့်ခွဲရန် သေတမ်းစာဖြင့် လွှဲအပ်ခြင်း ခံရသူဖြစ်၏။ သို့ရာတွင် အမွေပစ္စည်းအရပ်ရပ်ကို သေတမ်းစာအရ ခွဲဝေပေးရန် ညွှန်ကြားသည့်ဥပဒေကို မရိုးမဖြောင့်သောသဘောဖြင့် မလိုက်နာဘဲ ထိုပစ္စည်းအရပ်ရပ်ကို မိမိပိုင်ပစ္စည်းအဖြစ်ဖြင့် သုံးစွဲလိုက်၏။ A သည် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်သည်။
(ခ) A သည် ကုန်ရုံမှူးဖြစ်၏။ Z သည် ခရီးထွက်သည့်အခါ ကုန်ရုံမှူး A ထံ၌ မိမိ ပြန်ရောက်သည့်အခါ သတ်မှတ်သော ကုန်ရုံအခန်းခကိုပေး၍ ပစ္စည်းပြန်ယူမည်ဟူသော ပဋိညာဉ်ကို ပြုပြီးလျှင် မိမိ၏ ပရိဘောဂကို အပ်နှံထား၏။ A သည် မရိုးမဖြောင့်သောသဘောဖြင့် အပ်နှံထားသော ထိုပစ္စည်းများကို ရောင်းချလိုက်၏။ ဤတွင် A သည် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန် သည်။
(ဂ) ရန်ကုန်မြို့နေ A သည် မန္တလေးမြို့နေ Z ၏ ကိုယ်စားလှယ်ဖြစ်၏။ Z က A ထံသို့ ပို့သော ငွေအားလုံးကို Z ၏ ညွှန်ကြားချက်အတိုင်း A က ရင်းနှီးမြှုပ်နှံရန် Z နှင့် A တို့သည် အတိအလင်းဖြစ်စေ၊ သဘောသက်ရောက် စေခြင်းဖြင့် ဖြစ်စေ ပဋိညာဉ်ပြုထား၏။ Z က အစိုးရငွေလက်မှတ်များကို ရင်းနှီးမြှုပ်နှံရန် ညွှန်ကြား၍ A ထံသို့ ငွေတစ်သိန်းပို့လိုက်၏။ A သည် မရိုးမဖြောင့်သောသဘောဖြင့် Z ညွှန်ကြားချက်ကို မလိုက်နာဘဲ ထိုငွေများကို ၎င်း၏ကိုယ်ပိုင် လုပ်ငန်း၌ သုံးစွဲ၏။ ဤတွင် A သည် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်သည်။
(ဃ) သို့သော် အထက်ပါဥပမာ၌ A သည် အစုစပ်ဘဏ်၌ ရှယ်ယာများကို ဝယ်ယူခြင်းဖြင့် Z မှာ ပိုမိုအကျိုး ဖြစ်ထွန်းလိမ့်မည်ဟုယုံကြည်၍ မရိုးမဖြောင့်သောသဘောနှင့်မဟုတ်ဘဲ ရိုးဖြောင့်သောသဘောဖြင့် Z ၏ ညွှန်ကြားချက်ကို မလိုက်နာဘဲ အစိုးရငွေလက်မှတ်များကို ဝယ်ယူမည့်အစား အစုစပ်ဘဏ်၌ ရှယ်ယာများကို Z အတွက် ဝယ်ယူလိုက်သည်တွင် Z မှာ ဆုံးရှုံးသည့်အတွက် Z က A အပေါ်၌ တရားမကြောင်း တရားစွဲဆိုခွင့် ရှိသော်လည်း A သည် မရိုးမဖြောင့်သောသဘောနှင့် ပြုလုပ်ခြင်း မဟုတ်သောကြောင့် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်သည်မဟုတ်။
(င) အခွန်တော်အရာရှိ A ထံတွင် အစိုးရငွေများကို အပ်နှံထား၏။ ဥပဒေအရဖြစ်စေ၊ အစိုးရနှင့် အတိအလင်းသော်လည်းကောင်း၊ သဘောသက်ရောက်စေခြင်းဖြင့်သော်လည်းကောင်း ပြုထားသည့် ပဋိညာဉ်အရဖြစ်စေ၊ မိမိထံတွင်အပ်နှံထားသော အစိုးရငွေကို အစိုးရငွေတိုက်သို့ ပေးသွင်းရန် A ၌ တာဝန်ရှိ၏။ A က ထိုငွေများကို မရိုးမဖြောင့်သောသဘောဖြင့် သုံးစွဲလိုက်၏။ A သည် ရာဇဝတ်မကင်း သော ယုံကြည်အပ်နှံရေး ဖောက်ဖျက် မှုကို ကျူးလွန်၏။
(စ) Z သည် မိမိ၏ပစ္စည်းများကို ကုန်းကြောင်းခရီးဖြင့်သော်လည်းကောင်း၊ ရေကြောင်းခရီးဖြင့် သော်လည်း ကောင်း သယ်ယူစေရန် သယ်ဆောင်သူ A ထံ၌ အပ်နှံထားခဲ့၏။ ထိုပစ္စည်းများကို A က မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြု၏။ A သည် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်၏။